
ဘိုကလေး ဖေဖော်ဝါရီ ၁၆
ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဘိုကလေးမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးလောင်မှု မဖြစ်ပွားစေရေးနှင့် မီးဘေးအန္တရာယ်တားဆီးကာကွယ်နိုင်စေရေး ရည်ရွယ်၍ မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြလေ့ကျင့်မှုများကို နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း(ဘိုကလေး)၌ ဖေဖော်ဝါရီလ ၁၅ ရက်က ဆောင်ရွက်သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲနှင့် သရုပ်ပြလေ့ကျင့်ရာသို့ မြို့နယ်မီးသတ်ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးထွန်းအောင်နှင့် တပ်ဖွဲ့ဝင်များ၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်း(ဘိုကလေး)မှ ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူ များ တက်ရောက်ကြပြီး မြို့နယ်မီးသတ်ဦးစီးဌာန၊ ဦးစီးအရာရှိ၊ ဦးထွန်းအောင်က မီးလောင်မှုဖြစ်ပွားရခြင်း၏ အကြောင်းအရင်းများ၊ မီးလောင်မှုဖြစ်ပွားနိုင်သည့် အခြေအနေများ၊ မီးဘေးအန္တရာယ် ကင်းဝေးစေရေးအတွက် လိုက်နာရမည့်အချက်များနှင့် ရှောင်ကြဉ်ရမည့်အချက်များကို အသိပညာပေး ဟောပြောပြီး ကျောင်းအုပ်ကြီး ဦးနိုင်းလိန်းဟုန်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ထို့နောက် မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိနှင့် တပ်ဖွဲ့ဝင်များက လောင်စာဆီကြောင့် လောင်ကျွမ်းသောမီးအား ငြှိမ်းသတ်နည်း၊ ရှာဖွေကယ်ဆယ်နည်း၊ ရေစိုမီးငြှိမ်းသတ်နည်းတို့ကို သရုပ်ပြ ဆောင်ရွက်ခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများအား လက်တွေ့ငြှိမ်းသတ်ခြင်းကို လေ့ကျင့်စေခဲ့ကြောင်း သိရသည်။






