မကွေး ဇွန် ၁၆
ပြည်သူများ သောက်သုံးရေ ပြတ်လပ်မှုမရှိစေရေးအတွက် ကမ္ဘောဇဘဏ်က အင်္ဂလန်နိုင်ငံထုတ် Dando Heavy-duty ရေတွင်းတူးစက်ကြီး နှစ်စီးဖြင့် နိုင်ငံအနှံ့ စဉ်ဆက် မပြတ် တူးဖော်လှူဒါန်းပေးလျက်ရှိရာ ၂၇၅ တွင်းမြောက် ရေအောင်စက်ရေတွင်းကို မကွေးတိုင်းဒေသကြီး မြင်စိုင်း ကျေးရွာအုပ်စု မြင်စိုင်းကျေးရွာ အလယ်တန်းကျောင်းခွဲ တွင် ဇွန် ၁၁ ရက်က တူးဖော်အောင်မြင်ခဲ့သည်။
ယခု တူးဖော်အောင်မြင်ခဲ့သော စက်ရေတွင်းသည် နယ်စပ်ရေးရာဝန်ကြီးဌာန၏ ပံ့ပိုးကူညီမှုဖြင့် တူးဖော်ခဲ့ ခြင်းဖြစ်သည်။ စက်ရေတွင်းကို ကမ္ဘောဇဘဏ်က အင်္ဂလန် နိုင်ငံထုတ် အမှတ် (၂) Dando Heavy-duty ရေတွင်း တူးစက်ကြီးဖြင့် မေ ၃၁ ရက်တွင် စတင်တူးဖော်ခဲ့ပြီး အနက်ပေ ၄၀၀ တွင် တစ်နာရီဂါလန် ၁၀၀၀၀ ဖြင့် ရေအောင်ခဲ့သည်။ မြင်စိုင်းကျေးရွာတွင် ဘုန်းတော်ကြီးကျောင်း သုံးကျောင်း၊ ကျေးလက်ဆေး ပေးခန်း တစ်ခန်း၊ အိမ်ခြေ ၃၃၀ ရှိပြီး လူဦးရေ ၁၆၀၀ ကျော်နေထိုင်ကြကာ ယခုစက်ရေတွင်း ရေအောင်မှုကြောင့် ဝမ်းသာပျော်ရွှင်နေကြောင်း သိရသည်။
အဆိုပါ ရေတွင်းတူးစက်ကြီးသည် မန္တလေးတိုင်းဒေသ ကြီး ရမည်းသင်းခရိုင် ပျော်ဘွယ်မြို့နယ်ရှိ အေးသာယာ ကျေးရွာတွင် ဆက်လက် တူးဖော်သွားမည်ဖြစ်သည်။ ထို့အပြင် အမှတ် (၁) ရေတွင်းတူးစက်ကြီးသည်လည်း ချင်းပြည်နယ် ဟားခါးမြို့ မြို့ပြအိမ်ရာစီမံကိန်းတွင် တူးဖော်ပေးလျက်ရှိသည်။ ကမ္ဘောဇဘဏ်သည် နိုင်ငံ အနှံ့အပြားရှိ စက်ရေတွင်းတူးဖော်ရန် အလွန်ခက်ခဲပြီး ရေရှားပါးသည့်နေရာများတွင် ပြည်သူများ ရေရှားပါး ပြတ်လပ်မှု မကြုံတွေ့စေရန်အတွက် စက်ရေတွင်းများ တူးဖော်ခြင်း၊ ရေတွင်းရေကန်များတူးဖော်ခြင်း၊ ရေလှောင် ကန်များ တည်ဆောက်ပေးခြင်းနှင့် ရေပေးရေးစီမံကိန်း များအပါအဝင် ငွေကျပ်သိန်းပေါင်း ၇၉၀၀၀ ကျော် လှူဒါန်း ခဲ့ကြောင်း သိရသည်။
ထို့အတူ ရေပြတ်လပ်မှုမရှိစေရန် စက်ရေတွင်း များ တူးဖော်လှူဒါန်းခြင်းအပြင် ရေသယ်ယာဉ်အသစ်များ လှူဒါန်းခြင်းကိုလည်း ဆောင်ရွက်လျက်ရှိရာ ငွေကျပ်သိန်း ပေါင်း ၂၄၃၀၀ တန်ဖိုးရှိ ရေသယ်ယာဉ်အသစ် ၅၄ စီးကို လည်း နိုင်ငံတစ်ဝန်းရှိ ပရဟိတနှင့် လူမှုရေးအဖွဲ့အစည်းများ၊ ရပ်မိရပ်ဖများထံသို့ ပေးအပ်လှူဒါန်းခဲ့သည်။ KBZ Bank၊ KBZ MS General Insurance၊ KBZ Life၊ Myanmar Airways International နှင့် Air KBZ တို့မှ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ယနေ့ အချိန်အထိ ငွေကျပ်သိန်းပေါင်း ၄၆၉ ၂၈ သိန်း လှူဒါန်းခဲ့ပြီး ကမ္ဘောဇဘဏ်သည် ကဏ္ဍအသီးသီးတွင် လူမျိုးမရွေး၊ ဘာသာမရွေး၊ နေရာဒေသမရွေး နိုင်ငံတော်နှင့် ပြည်သူ အတွက် ငွေကျပ် ၁၆၄ ဘီလီယံကျော် လှူဒါန်းခဲ့ပြီး ဖြစ်သည်။
ကိုကျော်