မောင်တောဒေသလုံခြုံရေး၊ နယ်မြေစိုးမိုးရေး၊ အခြေခံအဆောက်အအုံများ ပြန်လည်ပြုပြင် တည်ဆောက် ရေးနှင့် နေရပ်စွန့်ခွာပြည်သူများ ပြန်လည်နေရာချထားရေး ကွင်းဆင်းဆောင်ရွက်

စစ်တွေ စက်တင်ဘာ ၁၁
     နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်နှင့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုတို့သည် ARSA အစွန်းရောက်အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုကြောင့် မောင်တောဒေသအတွင်း ပျက်စီးသွားသော ကျေးရွာများ၊ အခြေခံအဆောက်အအုံ များ ပြန်လည်ပြုပြင်တည်ဆောက်ရေးနှင့် နေရပ်စွန့်ခွာဒေသခံများ ပြန်လည်နေရာချထားရေး လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက် နိုင်ရန် ယနေ့မွန်းလွဲပိုင်းတွင် စစ်တွေမြို့မှ မောင်တောဒေသသို့ သွားရောက်ကြည့်ရှုသည်။
ခရီးစဉ်တွင် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မောင်တောခရိုင်အတွင်းရှိ အငူမော်၊ ကျောက်ပန္တု၊ အလယ်သံကျော်၊ ဥဒေါင်း၊ကိုင်းကြီး၊ သရေကုန်းဘောင်၊ ကျီးကန်းပြင်၊ လောင်းဒုံ၊ ကြိမ်ချောင်း၊ တရိန်း၊ ဝက်ကြိမ်း၊ သက်ကိုင်ညာ၊ နန်းရာကိုင်း၊ ခမောင်းဆိပ်၊ အောင်ဇံကျေးရွာများကို ရဟတ်ယာဉ်ဖြင့်လှည့်လည်ကြည့်ရှုပြီး  ဘူးသီးတောင်မြို့၌ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်ကျော်ဇောနှင့် တွေ့ဆုံကာ ဒေသလုံခြုံရေး၊ နယ်မြေစိုးမိုး ရေးနှင့် နယ်စပ်ခြံစည်းရိုး၊ နယ်စပ်ပတ်လမ်း၊ ချဉ်းကပ်လမ်း ပြုပြင်ရေး ကိစ္စရပ်များ ဆွေးနွေးခဲ့ကြသည်။
     အဆိုပါ ခရီးစဉ်အတွင်း ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဒေသတွင်း နေထိုင်လျက်ရှိကြသည့် ပြည်သူလူထုအတွက် စားနပ်ရိက္ခာများ၊ အဝတ်အထည်များနှင့် အသုံးအဆောင်ပစ္စည်းများကို ကူညီထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။