မောင်တော အောက်တိုဘာ ၆
ရခိုင်ပြည်နယ် မောင်တောမြို့၌ နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၏ အဆင့်မြင့် အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ် (၄) သင်တန်းဆင်းပွဲကို ယနေ့ နံနက် ၉ နာရီ အဆိုပါ သင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေဦးက နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုးသမီးအိမ်တွင်းမှု သက်မွေးပညာသင်တန်းကျောင်းဖွင့်လှစ်ပေးထားခြင်းအားဖြင့် နယ်စပ်ဒေသတိုင်းရင်းသူများအနေဖြင့် ကိုယ်ပိုင်စီးပွားရေးများ ဆောင်ရွက်ကာ မိမိဘဝ၊ မိမိဒေသဖွံ့ဖြိုးတိုးတက်ရေးကို လက်တွေ့ကျကျ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ကျေးလက်နေ ပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးနိုင်ရေး၊ မိသားစုဝင်ငွေကို တစ်ဖက် တစ်လမ်းမှ သမာအာဇီဝကျစွာ ရှာဖွေနိုင်ကြောင်း ပြောကြားပြီး အမျိုးသမီးအိမ်တွင်းမှု သက်မွေးပညာသင်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးဒေါ်နီလာကြည်က သင်တန်းဖွင့်လှစ်ရခြင်းနှင့် သင်တန်းကျောင်းဆိုင်ရာများအား ရှင်းလင်းတင်ပြသည်။
ထို့နောက်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၄) သင်တန်းတွင် ထူးချွန်စွာ ပထမဆုရရှိသူအား ဂုဏ်ပြုဆုငွေနှင့် အပ်ချုပ်စက် တစ်လုံး ပေးအပ်ကာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် နယ်စပ်ဒေသဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးမှ ဦးကျော်မြင့်ဦးက သင်တန်းဆင်းလက်မှတ်များနှင့် ဒုတိယ၊ တတိယ ဆုရရှိသူများအား ဆုချီးမြှင့်ပေးအပ်ပြီး သင်တန်းသူများ၏ လက်ရာများကို လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။