နေပြည်တော် စက်တင်ဘာလ ၆ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် အား အမေရိကန်နိုင်ငံသံအမတ်ကြီး H.E. Mr. Scot Marciel သည် ယနေ့နံနက် (၁ဝ:ဝဝ) နာရီ အချိန်တွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံခဲ့ ပါသည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံအတွင်းရှိ ဖွံ့ဖြိုးမှုနောက်ကျကျန်နေခဲ့သော နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နယ်စပ်ဒေသများရှိ တိုင်းရင်းသားလူငယ်များ၏ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စဉ်ဆက်မပြတ် ဆောင်ရွက်ပေးနေမှု အခြေအနေများ၊ ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောဒေသ အကြမ်းဖက်မှုဖြစ်စဉ်များ၊ မောင်တော ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေး ဆိုင်ရာကိစ္စရပ်များ၊ မောင်တောဒေသ အကြမ်းဖက်မှု ဖြစ်စဉ်များနှင့် ပတ်သက်၍ မြေပြင်ပကတိအခြေအနေမှန် များအား နိုင်ငံတကာမှ သိရှိ နိုင်ရန် အချိန်နှင့်တစ်ပြေးညီ သတင်းထုတ်ပြန်ပေးနေမှု အခြေအနေများ၊ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုဖြစ်စဉ် များကြောင့် နေရပ်စွန့်ခွာ ပြောင်းရွှေ့ခဲ့ကြသည့် ဒေသခံ တိုင်းရင်းသားပြည်သူများ၏ လုံခြုံရေး၊ စားဝတ်နေရေး၊ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများနှင့် လတ်တလော လိုအပ်လျက်ရှိသည့် စားနပ်ရိက္ခာ များအား ရဟတ်ယာဉ်၊ ရေယာဉ်၊ မော်တော်ယာဉ်များဖြင့် လက်ဝယ်အရောက် ထောက်ပံ့လှူဒါန်းပေးနေမှု အခြေအနေများ၊ အကြမ်းဖက် အဖွဲ့အစည်းများဖျက်ဆီးခဲ့သည့် အခြေခံ အဆောက်အဦများအား ပြန်လည်ပြုပြင် တည်ဆောက်ရေးလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များနှင့် နိုင်ငံတော်အစိုးရမှ ထောက်ပံ့ကူညီ မှုများ ဆောင်ရွက်ရာတွင် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက် ရေးနှင့် ပြည်ပနိုင်ငံများ၊ ပြည်ပအဖွဲ့အစည်းများပါဝင်ပြီး ထောက်ပံ့မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ကိစ္စရပ်များ၊ ရခိုင်ပြည်နယ် ရေရှည် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာ ကိစ္စရပ်များအား အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိ ပါသည်။