နိုင်ငံအကျိုးပြုဒေသအကျိုးပြု၊ လူငယ်လူရွယ်များဖြစ်စေဖို့

မြင့်စိုး(နတလ) ဓာတ်ပုံလေးတစ်ပုံ သိမ်းဆည်းထားသော မှတ်တမ်းဓာတ်ပုံလေးတစ်ပုံက ကျွန်တော်၏ အတွေးစများကို မြန်မာပြည်တစ်နံတစ်လျား အရှေ့မှအနောက်၊ တောင်မှမြောက်သို့တိုင်အောင် ဆွဲဆောင်ခေါ်ယူ သွားနိုင်စွမ်းရှိနေပါပကောလား။ ရက်စွဲက ၂၀၁၈ ခုနှစ် ဇွန်လ ၁၂ ရက်၊ နေရာက ရုံးအမှတ်(၄၂) နယ်စပ်ရေးရာဝန်ကြီးဌာန ဌာန၏စုပေါင်းခန်းမ၊ ကျင်းပပြုလုပ်သည့် အခမ်းအနားကတော့ ၂၀၁၇-၂၀၁၈ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ခြင်းနှင့် ပညာသင်ထောက်ပံ့ကြေးပေးအပ်ခြင်း အခမ်းအနားပဲ ဖြစ်ပါ၏။ သည်အခမ်းအနားအပြီး ကျွန်တော်နှင့်ဓာတ်ပုံတွဲရိုက်ခဲ့သော ကလေးများမှာ ကျိုင်းတုံ လူငယ်သင်တန်းကျောင်းမှ ၄ ဘာသာဂုဏ်ထူးရှင် မောင်ဇာခလိ၊ ၁ ဘာသာဂုဏ်ထူးရှင် များဖြစ်ကြသော မဒီးရှိန်၊ မအားမီ(၂)၊ စောလှမောင် တို့ ၄ ဦး၊ မြစ်ကြီးနား အမှတ်(၁) လူငယ် သင်တန်းကျောင်းမှ မထုထုမိုင် အပါအဝင် စုစုပေါင်း ၅ ဦး ဖြစ်သည်။ ဝန်ကြီးဌာနကပေးအပ် ချီးမြှင့်သော ဂုဏ်ပြုဆုကိုသူတို့ရကြသည်၊ ထို့ပြင်တဝသူတို့နှင့် ကျွန်တော်တွေ့ဆုံခဲ့စဉ်အချိန်က တက္ကသိုလ်ဝင်စာမေးပွဲကို အောင်မြင်အောင်ကြိုးစားဖြေဆိုကြပါ၊ အောင်တဲ့အထဲက ဂုဏ်ထူး ထွက်တဲ့သူတွေကို အဘအနေနဲ့ တစ်ဘာသာ ၁ သိန်းဆုချမယ်၊ မင်းတို့ကိုဆုပေးဖို့ အဘစောင့်နေ မယ်ဟု ကတိပြုပြောကြားခဲ့သည့်အတိုင်း ကျွန်တော် ၈ သိန်းဆုချကာ အမှတ်တရဓာတ်ပုံ ရိုက်ခဲ့ခြင်းဖြစ်သည်။
ဘဝကပေးသောအသိ
    “အဲဒါပေါ့ကွ ပန်းပဲဓားကောင်းမကိုင်ရဆိုတာ” ရုတ်တရက်ကြားလိုက်ရစဉ် ခဏတော့ ဆရာကြီးဦးမြသန်း ဘာကိုရည်ရွယ်ပြီးဘာကိုဆိုလိုချင်မှန်း ကျွန်တော်မသိခဲ့ပါ။ ကျွန်တော်ရွာက မူလတန်းကျောင်းမှာ ၄ တန်းအောင်ခဲ့သည်။ အဖေက ထိုကျောင်းမှာ မူလတန်းကျောင်းအုပ် ဆရာကြီး။ လှော်ကထား အ လ ကကျောင်းမှာ ၅ တန်းတက်ရ၏။ ဆရာကြီး ဦးမြသန်း က သမိုင်း ဘာသာသင်သောဆရာ၊ ထို့ကြောင့် စကားပုံတစ်ခုကိုသုံး၍ကျွန်တော့်ကို ဆုံးမလိုက်ပါပကော။ ကျွန်တော့်ကြောင့် အဖေပါ အပြောခံရပြီ။ သူငယ်ချင်းတွေကြားမှာ ရှက်လည်းရှက်၊ နာလည်းနာ ဖြစ်ခဲ့ရသောနေ့တစ်နေ့ပါပေ။သို့သော် ၅ တန်းနှစ်မှာ ကျွန်တော်စာမကြိုးစားခဲ့၊ ပုံမှန်လောက်ဖြင့် ၆ တန်းတက်လာသည်။ တစ်နေ့ကျွန်တော်တို့ကျောင်း၏ ကျောင်းအုပ်ဆရာကြီး ဦးကြင်မောင်က 
သူ့မူပိုင်စတိုင်အတိုင်း ပုဆိုးနှစ်စကို လက်နှင့်မကာ အတန်းထဲကို ဝင်လာပါတော့သည်။ သူ၏ အင်္ဂလိပ်အချိန်လည်းမဟုတ်၊ ဆရာကြီးဘာများပြောမလို့ပါလိမ့်။ “မကြာခင်ငါတို့ ကျောင်းမှာ ပညာရည်ချွန်ဆုပေးပွဲလုပ်မယ်၊ မနှစ်က ၅ တန်းမှာ ဆုရတဲ့သူတွေက မိုးအောင် ပထမ၊ ဝင်းအောင် ဒုတိယ၊ သိန်းအောင် တတိယ၊ အားလုံး စမ်းကြီးရွာကပဲ၊ မင်းတို့ စိန်တောင်၊ 
လှော်ကထား၊ မိုးကုတ်၊ နတ္ထမင်းကုန်း၊ သဲဒူကုန်းရွာကကောင်တွေ တစ်ကောင်မှမပါဘူး၊ ဆုရဖို့ နေနေသာသာ ဆုနံ့တောင် နံဖူးကြ ရဲ့လား၊ မင်းတို့မရှက်ကြဘူးလား၊   အေး… ဆုရချင်ရင်တော့ စမ်းကြီးရွာက မိုးအောင် တို့ညီ အစ်ကို တွေရဲ့ချေးခြောက်ကို လိုက်ကောက်စားကြပေါ့ကွာ” … တဲ့။
      ဒါက ကျွန်တော်၏ အသည်းနှလုံးမှတစ်ဆင့် ဦးနှောက်သို့ စူးစူးနစ်နစ်ဝင်ရောက် သွားသော ဒုတိယမြှားချက်ဖြစ်သည်။ အထက်ပါ ဆရာကြီးနှစ်ဦး၏ ထိမိပြောင်မြောက်လှသော ဆုံးမစကားများကြောင့် ကျွန်တော် စာကြိုးစားသူဖြစ်သွားခဲ့သည်။ ၆ တန်းနှစ်မှစ၍ ဆုတွေ ရခဲ့သည်။ ဂုဏ်ထူးတွေထွက်ခဲ့သည်။ ရခဲ့ဖူးသောဆုများ၏ တန်ဖိုးကဘာမျှ မရှိ။ ဗလာစာအုပ် တစ်ဒါဇင်၊ ခဲတံ ၆ ချောင်း၊ ကွန်ပါဘူး ၁ ဘူးနှင့် ဂုဏ်ပြုလွှာကတ်ပြားတစ်ခု။ သို့သော် နှလုံးသား ထဲ့သို့ရောက်ရှိသွားသော အသိတရားက တန်ဖိုးကြီးမားလှသည်။ ကျွန်တော်၏ တစ်ဦး တည်းသောသားကို ဆုပေးခြင်း၊ မက်လုံးပေးခြင်း၊ အပေးအယူပြုလုပ်ခြင်းများဖြင့် ပျိုးထောင် ခဲ့ရာ တက္ကသိုလ်ဝင်စာမေးပွဲမှာ ၅ ဘာသာဂုဏ်ထူးထွက်၍ ဆရာဝန်ဖြစ်ခဲ့သည်။ ဆရာများ၏ ကျေးဇူးပါပေ။
လူငယ်ကျောင်းတွေမှာ ပေးသောကတိ
    နတလဦးစီးဌာနတွင် တာဝန်ထမ်းဆောင်ခဲ့လင့်ကစား၊ နယ်စပ်ဒေသမြို့ရွာအသီးသီး သို့ရောက်ရှိသည့်အခါ မိမိတို့ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန အောက်မှ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းများအား သွားရောက်ကြည့်ရှု စစ်ဆေးပြီးလိုအပ်ချက်များရှိပါက သက်ဆိုင်ရာသို့ ပြန်လည်တင်ပြညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ ပင်မတာဝန်များကိုထမ်းဆောင်ရင်း ထိုကျောင်းမှ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူလေးများနှင့်တွေ့ဆုံကာ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး၊ စာမေးပွဲအောင်မြင်ပါက မိမိတို့နယ်စပ်ရေးရာဝန်ကြီးဌာနအောက်ရှိ ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်၊ ပြည်ထောင်စုတိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်များတွင် ဆက်လက်ပညာသင်ယူခွင့်၊ အခြားသော  

ဝါသနာပါရာ သင်တန်းများကိုတက်ရောက်ခွင့်တို့အား ရှင်းလင်းပြောပြပါသည်။ ပြီးလျှင် ကျွန်တော်၏ ခံယူချက်နှင့်ဝါသနာ၊ စေတနာအတိုင်း သူတို့နှင့်အလောင်းအစားပြုခဲ့ပါသည်။ ကြိုးစားပါ…. ဂုဏ်ထူး ၁ ဘာသာထွက်လျှင် ၁ သိန်း၊ အဘကတိတည်မယ်၊ မင်းတို့လည်း အောင်ရမယ်၊ ဂုဏ်ထူးတွေထွက်ရမယ်လို့ ကတိပေးပါဟုတောင်းသောအခါ သူတို့ပေးကြသည်။ ဤကဲ့သို့ စိတ်ဓာတ်မြှင့်တင်ပေးခြင်းက အနည်းဆုံးတော့ အောင်ချက်မြင့်မားရေးကို အထောက် အကူပြုခဲ့သည်။ လူငယ်သင်တန်း ကျောင်းပေါင်း ၄၅ ကျောင်းဖွင့်လှစ်ထားပြီးဖြစ်၏။
ကျောင်းများဖွင့်လှစ်ရခြင်းရည်ရွယ်ချက်
    နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းများကို အောက်ဖော်ပြပါ ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ခဲ့ပါသည်-
    (က)    ပြည်ထောင်စု တိုင်းရင်းသားလူငယ်များသည် ပညာရှာမှီးရင်း တိုင်းရင်းသား အချင်းချင်း ပိုမိုစည်းလုံးချစ်ခင်လျက် ပြည်ထောင်စု စိတ်ဓာတ်ခိုင်မြဲသည့် လူငယ်များဖြစ်လာစေရန်။
    (ခ )    ပြည်ထောင်စုတိုင်းရင်းသား လူငယ်များသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ ခိုင်မြဲရေး တည်းဟူသော ဒို့တာဝန် အရေးသုံးပါးကိုသက်ဝင်ယုံကြည်၍ ထိန်းသိမ်း စောင့်ရှောက်သော လူငယ်များဖြစ်လာစေရန်။
    (ဂ )    ပညာရပ်များတတ်မြောက်၍ကျောင်းဆင်းပြီးသွားပါက မိမိဒေသတွင်ဖွံ့ဖြိုးရေး လုပ်ငန်းများ ပြန်လည်ဆောင်ရွက်စေရန်။ 
    (ဃ)    နိုင်ငံတော်အတွက် ပညာရည်မြင့်မား၍ စွမ်းရည်ပြည့်ဝသော မျိုးဆက်သစ် လူငယ်များ ဖြစ်လာစေရေး ပြုစုပျိုးထောင် လေ့ကျင့်ပေးရန်။
    (င )    နယ်စပ်ဒေသဖွံ့ဖြိုးရေးနှင့် နယ်စပ်ဒေသတွင် နေထိုင်သောပြည်သူလူထု၏ လူနေမှုအဆင့်အတန်း မြင့်မားရေးအတွက် ဆောင်ရွက်လိုသည့်စိတ်ဓာတ် ထက်သန် စေရန်။
    (စ )    အေးချမ်းသာယာ၍ ခေတ်မီဖွံ့ဖြိုးတိုးတက်သောနိုင်ငံတော်အဖြစ် တည်ဆောက်ရာ တွင် စွမ်းစွမ်းတမံဆောင်ရွက်လိုသည့် စိတ်ဓာတ်များ မွေးမြူပေးရန်။
ရွေးချယ်မှုနှင့်ပညာသင်ယူခွင့်
    လူငယ်သင်တန်းကျောင်းများတွင် လက်ခံစောင့်ရှောက် ပညာသင်ကြားပေးနိုင်ရန်၊ သက်ဆိုင်ရာပြည်နယ်၊ တိုင်းဒေသကြီး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများရှိကျောင်းကြီးကြပ်ရေး ကော်မတီမှ (က) မိဘမဲ့၊ (ခ)ဘမဲ့၊ (ဂ) မိမဲ့၊ (ဃ) ဆင်းရဲနွမ်းပါး စသည်ဖြင့် ဦးစားပေးအလိုက် ရွေးချယ်ပါသည်။ ပညာသင်ကြားပေးရာတွင် နေထိုင်စားသောက်ရေး၊ ပညာသင်ကြားရေးစရိတ် များကို နိုင်ငံတော်မှ အစစအရာရာတာဝန်ယူခဲ့ပြီး အခြေခံပညာ အလယ်တန်း၊ အထက်တန်း ကျောင်းများတွင် တက်ရောက်စေခဲ့ပါသည်။ ၁၉၉၉-၂၀၀၀ ပညာသင်နှစ်မှ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ခဲ့သော ကျောင်းသား ၂၂၃၉ ဦး၊ကျောင်းသူ ၉၂၄ ဦး၊ စုစုပေါင်း ၃၁၆၃ ဦး တို့သည် ဆေးတက္ကသိုလ် ၈ ဦး၊ တပ်မတော် ဆေးတက္ကသိုလ် ၁ ဦး၊ တပ်မတော်နည်းပညာတက္ကသိုလ် ၁ ဦး၊ စစ်တက္ကသိုလ် ၈ ဦး၊ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်    ၂၅၇ ဦး၊ နည်းပညာတက္ကသိုလ် ၄ ဦး၊ ပြင်ပတက္ကသိုလ် ၃၃၁ ဦး၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် ၂၀၆၃ ဦး၊ ပညာရေး ကောလိပ် ၃၀ ဦး၊ သူနာပြုသင်တန်း ၁၆ ဦး၊ သားဖွားသင်တန်း ၁၅ ဦး တက်ရောက်သင်ကြားခဲ့ပြီး တက္ကသိုလ်တက်ရောက်ရန် စောင့်ဆိုင်း‌နေသူ ၄၂၉ ဦးရှိပါသည်။
နိုင်ငံတော်အကျိုးပြုစေဖို့
    ကျွန်တော် ၈ တန်းအောင်သောအခါ ရွာနှင့် ၇ မိုင်ဝေးသော လေးမျက်နှာမြို့၊ ဒက္ခိဏာရုံကျောင်းတိုက်အတွင်းရှိ လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာတွင် သွားရောက်နေထိုင်ကာ လေးမျက်နှာ အ. ထ.က - ကျောင်း၌ ပညာသင်ယူခဲ့သည်။ လေးမျက်နှာပရဟိတဂေဟာကို ဆရာတော်ကြီး ဦးပညာလောက ကရောင်စုံသောင်းကျန်းသူများစတင်ပေါ်ပေါက်ခဲ့သည့်                 ၁၉၄၈ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး မိမဲ့၊ ဘမဲ့၊ ခိုကိုးရာမဲ့ကလေး ၄၀ ခန့်ကို ခေါ်ယူကျွေးမွေး စောင့်ရှောက်ခဲ့ရာမှ ပရဟိတကျောင်း ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်ပါသည်။ ကျွန်တော်တို့ နေထိုင်ခဲ့စဉ်က ကျောင်းသား၊   ကျောင်းသူ ၂၅၀ ဦးခန့်ထိ ဆရာတော် ဦးပညာလောက၊ ဦးဇောတိပါလ တို့က ပြုစုစောင့်ရှောက် ပေးခဲ့သည်။ လက်ရှိဆရာတော်မှာ ဘဒ္ဒန္တအရိယာနန္ဒ ဖြစ်ပါသည်။ နောင်သော အခါ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနမှ ကူညီထောက်ပံ့မှု များရရှိခဲ့သည်။ ကျွန်တော် တပ်မတော်သားဘဝ ရောက်ရှိသွားချိန် အရှေ့ မြောက်တိုင်း စစ်ဌာနချုပ်နယ်မြေ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေများအတွင်း နယ်မြေခံတပ်ရင်းများ၌ ရဲညွန့်တပ်ခွဲများ ဖွဲ့စည်း၍ ကလေးငယ်များကို ကျွေးမွေးစောင့်ရှောက် ပညာသင်ကြားပေး နေကြောင်း တွေ့ရသည်။
    ၁၉၇၀ ပြည့်လွန်နှစ်များ၌ ဗကပ တို့၏ လူသစ်စုဆောင်းခြင်း ၊   ညှင်းပန်းနှိပ်စက် ခြင်းဒဏ်ကို မခံနိုင်၍ သံလွင်မြစ် အနောက်ခြမ်းသို့ ပြေးလွှားခိုအောင်း လာသော ကလေးငယ် များအတွက် ဤကဲ့သို့စီစဉ်ဆောင်ရွက် ပေးခြင်းဖြစ်သည်။ကျွန်တော်တာဝန်ထမ်းဆောင်ခဲ့သည့် တန့်ယန်းမြို့၌ “၀” ဘော်ဒါ ဟုခေါ်သော နေရာသည် ယခုအခါ တန့်ယန်း လူငယ်သင်တန်း ကျောင်း ဖြစ်ခဲ့ပြီ။
    နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းများ၏ ရည်ရွယ်ချက်နှင့် အဆင့်မြင့်ပညာများဆက်လက်သင်ယူရန် ချိတ်ဆက်ထားမှုတို့ကိုကြည့်လျှင် ထိုလူငယ်လူရွယ် များအပေါ် နိုင်ငံတော်၏ စေတနာနှင့်အန္တိမရည်မှန်းချက်တို့ကို တွေ့မြင်နိုင်ပါသည်။ အနှစ်ချုပ် အားဖြင့် ဒို့တာဝန်အရေးသုံးပါးကို ဦးထိပ်ပန်ဆင်လျက်၊ ပြည်ထောင်စုစိတ်ဓာတ်၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးစိတ်ဓာတ်တို့ ထွန်းကားပြန့်ပွားအောင် ဖော်ဆောင်နိုင်သော နိုင်ငံအကျိုးပြု၊ ဒေသအကျိုးပြု တိုင်းရင်းသားလူငယ် လူရွယ်များမွေးထုတ်ပေးရန်ဖြစ်သည်။ ယင်းတာဝန်ကို နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနက အောင်မြင်စွာအကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း တင်ပြလိုက်ရပါသည်။