နေပြည်တော် အောက်တိုဘာလ ၁၃ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း)၏ ၂၀၁၆-၂၀၁၇ ပညာသင်နှစ် မဟာပညာရေးဘွဲ့ (၂)နှစ် သင်တန်းအမှတ်စဉ် (၁၄)၊ (၁၅) နှင့် ပညာရေးဘွဲ့(B.Ed) (၅)နှစ်သင်တန်းအမှတ်စဉ်(၁)တို့၏ ဘွဲ့နှင်းသဘင်အခမ်းအနား၊ ဆရာအတတ်ပညာဒီပလိုမာ သင်တန်းအမှတ်စဉ်(၈)၏ သင်တန်းဆင်းပွဲများအား ယနေ့နံနက် (၉)နာရီအချိန်တွင် အဆိုပါ တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာန ဆိုင်ရာအကြီးအကဲများ၊ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်များ၊ ဆရာ/ဆရာမများ၊ ဘွဲ့/ ဒီပလိုမာရရှိသည့် သင်တန်းသား၊ သင်တန်းသူများ၊ ကျောင်းသားမိဘများ တက်ရောက်ခဲ့ ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်က နိုင်ငံတော် အစိုးရအနေဖြင့် ပြည်ထောင်စုကြီး တည်ငြိမ်အေးချမ်းဖွံ့ဖြိုးတိုးတက်စေရန်အတွက် တိုင်းရင်းသားများအားလုံးရဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်၊ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးသိပ္ပံကို ၁၉၆၄ ခုနှစ်၊ အောက်တိုဘာ ၂၀ ရက်နေ့တွင် စတင်တည်ထောင်ခဲ့ပြီး ယနေ့အထိ မဟာပညာရေးဘွဲ့ (၉၃)ဦး၊ မဟာဒဿနဘွဲ့(၃၅)ဦး၊ ပညာရေးဘွဲ့(၃၄၅၄)ဦး၊ ဆရာအတတ်ပညာဒီပလိုမာ (၆၃၅)ဦး၊ အလယ်တန်းဆရာအတတ်သင်(၉၅၆)ဦး၊ အထူးမူလတန်းဆရာအတတ်သင် (၄၆၁) ဦး၊ မူလတန်းဆရာအတတ်သင်(၇၁၆၂)ဦး၊ စုစုပေါင်း(၁၂၇၉၆) ဦးကို ဤတက္ကသိုလ်ကြီးက အောင်မြင်စွာ မွေးထုတ်ပေးနိုင်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ထို့အတူ တိုင်းရင်းသားမျိုးနွယ်စုပေါင်း(၉၇)မျိုး သင်တန်းဆင်းခဲ့ ကြပြီးဖြစ်ကြောင်း၊ သင်တန်း ဆင်းပြီး ကျောင်းဆင်းများအနေဖြင့် နိုင်ငံတော်၏ တာဝန်အမျိုးမျိုးကို ထမ်းဆောင်နေသည့် အပြင် ပြည့်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးပြည်နယ် လွှတ်တော် တွေမှာ လွှတ်တော်ကိုယ်စားလှယ်များအဖြစ်နဲ့ နိုင်ငံ့တာဝန်ထမ်းဆောင်နေကြကြောင်း၊ တစ်ချို့ဆိုလျှင် ပြည်နယ်ဝန်ကြီးချုပ်အဖြစ် နိုင်ငံတော်ကို အလုပ်အကျွေးပြုနေကြပြီ ဖြစ်ကြောင်း ဒါ့ကြောင့် မောင်တို့မယ်တို့ကလည်း ကျောင်းတော်ကြီး အစဉ်အလာကောင်း များကို ဆက်လက်ထိန်းသိမ်းပြီး နိုင်ငံတော်၏ ပညာရေးရည်မှန်းချက်နှင့်အညီ အစဉ် လေ့လာသင်ယူနေသော လူ့ဘောင်အဖွဲ့အစည်း အတွင်းမှ Long Life Learning အနေနဲ့ ယခုထက်ပိုမိုမြင့်မားတဲ့ မဟာပညာရေးဘွဲ့၊ ပါရဂူဘွဲ့ သင်တန်းများကို နိုင်ငံ့တာဝန်တွေ ထမ်းဆောင်ရင်း ဆက်လက်ဆည်းပူးကြိုးစားစေလိုကြောင်း၊ နယ်စပ်ဒေသက တိုင်းရင်းသား လူမျိုးများ၏ ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ လူ့စွမ်းအားအရင်း အမြစ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမှုလျော့ချရေးကို နိုင်ငံတော်အစိုးရအဆက်ဆက် အားကြိုးမာန်တက် ကြိုးပမ်း ဆောင်ရွက်ခဲ့ကြကြောင်း ယနေ့နိုင်ငံတော်သမ္မတကြီး ဦးထင်ကျော် ဦးဆောင်တဲ့ အစိုးရ လက်ထက်မှာလည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် သည့် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများရဲ့ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေး ဗဟိုကော်မတီကို ဖွဲ့စည်းကာ နယ်စပ်ဒေသတွေရဲ့ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူ့စွမ်းအားအရင်း အမြစ်ဖွံ့ဖြိုးရေးတို့အတွက် မူဝါဒများချမှတ်ပြီး ပြည်ထောင်စုအစိုးရနှင့် တိုင်းဒေသကြီး ပြည်နယ်အစိုးအရအဖွဲ့တို့ ပူးပေါင်းကာ အရှိန်အဟုန် မြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော် အကြီးအကဲတို့၏ လမ်းညွှန်မှုကိုခံယူကာ ဝေးလံခေါင်သီပြီး ဆက်သွယ်သွားလာရန်ခက်ခဲတဲ့ နယ်စပ်ဒေသတိုင်းရင်းသား လူမျိုးတွေရဲ့ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်(၃၀) နှစ်ရှည် စီမံကိန်းကို မူဝါဒ(၄)ရပ်၊ ရည်မှန်းချက်(၇)ရပ်၊ လုပ်ငန်းစဉ်(၁၈)ရပ်တို့ဖြင့် ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိကြောင်း၊
ကျောင်းဆင်း မောင်တို့မယ်တို့ကို ဘွဲ့ရပြီးသည်နှင့် အလုပ်တာဝန်တစ်ခါတည်း ခန့်အပ်ပေးသွားမည်ဖြစ်ကြောင်း မိမိတို့တတ်မြောက်ထားသည့် ပညာရပ်များကို လက်တွေ့ ကျကျအသုံးချပြီး တိုင်းရင်းသားလူမျိုးများရဲ့ လူ့စွမ်းအားအရင်းမြစ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ဆင်းရဲနွမ်းပါးမှုလျော့ချရေးလုပ်ငန်းများကိုပါ ပူးတွဲတာဝန် ထမ်းဆောင်ကြရမယ်ဆိုတာ နားလည်သိရှိသဘောပေါက်ပြီး မိမိရောက်ရှိတာဝန်ထမ်းဆောင် သည့်ဒေသခံအုပ်ချုပ်ရေးအဖွဲ့၊ ပြည်သူလူထုနှင့်အတူ ပူးပေါင်းဆောင်ရွက်ကြဖို့ မှာကြား လိုကြောင်း၊ တည်ငြိမ်အေးချမ်းမှသာ နိုင်ငံဖွံ့ဖြိုးမှုကို ဆောင်ရွက်နိုင်မှာဖြစ်ကြောင်း၊ မြန်မာနိုင်ငံဟာ သူတစ်ပါးလက်အောက်ကျရောက်ခဲ့စဉ်က နိုင်ငံ့လွတ်လပ်ရေးနှင့် အချုပ် အခြာအာဏာပြန်လည်ရရှိဖို့အတွက် တိုင်းရင်းသားတွေရဲ့ စည်းလုံးညီညွတ်မှုအားနဲ့ အသက် သွေးချွေးပေါင်းများစွာ ပေးဆပ်ခဲ့ရကြောင်း လွတ်လပ်ရေးရပြီးတော့လည်း နိုင်ငံတော် တည်ငြိမ်အေးချမ်းရန်နှင့် နိုင်ငံတော်တိုးတက်ရန် တိုင်းရင်းသားအားလုံးစည်းလုံး ညီညွတ်စွာနဲ့ တက်ညီလက်ညီ ကြိုးစားဆောင်ရွက်ခဲ့ကြကြောင်း၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်ဖို့အတွက် နိုင်ငံတော်အစိုးရအနေဖြင့် တစ်နိုင်ငံလုံး အပစ် အခတ်ရပ်စဲရေး NCA မှတစ်နိုင်ငံလုံး ထာဝစဉ်ငြိမ်းချမ်းရေး ရရှိစေရေးအတွက် “ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ(၂၁)ရာစု ပင်လုံ(ဒုတိယအစည်း အဝေး)” ကို ၂၀၁၇ ခုနှစ်၊ မေလ ၂၄ ရက်နေ့မှ ၂၉ ရက်နေ့အထိ နေပြည်တော်မှာ အောင်မြင်စွာ ကျင်းပ ပြုလုပ်ခဲ့ကြောင်း၊
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရန် တိုင်းရင်းသားလူငယ်တွေထဲက ထူးချွန်ထက်မြက် တဲ့ အသိပညာရှင်၊ အတတ်ပညာရှင်များစွာ ပေါ်ထွန်းရန်လိုအပ်တဲ့အတွက် တိုင်းရင်းသား လူငယ်တွေ ပညာသင်ယူ လိုစိတ်ဖြစ်ပေါ်လာအောင် မောင်တို့မယ်တို့ကိုယ်တိုင် ကြိုးစားကြ ရမှာဖြစ်ကြောင်း၊ သင်ယူချင်စိတ်သည် ပညာရရှိရေးအတွက် အရေးကြီးဆုံးလည်း ဖြစ်ပါ ကြောင်း၊ လူငယ်များအကြား သင်ယူချင်စိတ် ထွန်းကားလာစေရန် သင်ပေးသူများကိုယ်တိုင် သင်ယူချင်စိတ်ရှိရန် လိုအပ်ပါကြောင်း၊ မိမိတို့တစ်သက်တာ သင်ယူနိုင်မည့်စိတ်ဓာတ်၊ သင်ယူချင်သည့်စိတ်ဓာတ်ကို သင်ပေးသူများတွင် ရှိနေမှသာ သင်ကြားခံရသူများ ကိုယ်တိုင် လည်း အလားတူစိတ်ဓာတ်များ ပွားများလာမည်ဖြစ်ပါကြောင်း၊
နယ်စပ်ဒေသတိုင်းရင်းသားလူငယ်တွေရဲ့ ဘဝတိုးတက်မြင့်မားစေလိုတဲ့ ရည်ရွယ်ချက်နဲ့ မောင်တို့မယ်တို့ ပညာသင်ယူခဲ့တဲ့ (၅)နှစ်တာကာလပတ်လုံးအတွက် နိုင်ငံတော်က ၁၀၀ ရာခိုင်နှုန်းပြည့်နီးပါး ထောက်ပံ့ခဲ့ပါကြောင်း တက္ကသိုလ်ကြီးကလည်း မောင်တို့မယ်တို့ကို ဆရာကောင်းတစ်ယောက်ဖြစ်ဖို့အတွက် လိုအပ်တဲ့ ပညာအရည်အချင်း တွေပြည့်ဝအောင် ခံယူရမဲ့ သဘောတရားတွေကိုလည်း သိရှိအောင်သင်ကြားပို့ချပေးခဲ့ပြီး ဖြစ်ကြောင်း၊ ဒါ့ကြောင့် နိုင်ငံတော်ရဲ့ ကျေးဇူးကိုသိရှိပြီး ကျေးဇူးပြန်ဆပ်တဲ့အနေနဲ့ မိမိတို့ တာဝန်ကျရာဒေသမှာ တိုင်းရင်းသားလူငယ်တွေကို အနာဂတ်နိုင်ငံ့တာဝန်တွေ ထမ်းဆောင် နိုင်မဲ့ လူ့စွမ်းအားအရင်းအမြစ်များဖြစ်အောင် ပြုစုပျိုးထောင်ပေးရန်နှင့် တက္ကသိုလ်က သင်ယူခဲ့ရတဲ့ ဖွံ့ဖြိုးရေးပညာ၊ အထူးဖွံ့ဖြိုးရေးပညာတွေကို ဖြန့်ဝေပေးပြီး ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေမှာ အားသွန်ခွန်စိုက်ပါဝင်ကူညီ ဆောင်ရွက်ကြရန် မှာကြားလိုကြောင်း၊ တောင်ပေါ်မြေပြန့်အနှံ့အပြားမှာ သွားရောက်တာဝန်ထမ်းဆောင်ကြတော့မဲ့ မောင်တို့မယ်တို့ အနေနဲ့ နိုင်ငံတော်နဲ့တိုင်းရင်းသားမိဘပြည်သူများအကြား ထိရောက်သော ကြားခံပေါင်းကူး များအဖြစ် ပါဝင်ဆောင်ရွက်သွားကြရန်နှင့် တာဝန်ယူမှု ၊ တာဝန်ခံမှုနဲ့ ပွင့်လင်းမြင်သာမှု တွေကို အခြေခံပြီး နိုင်ငံတော်နဲ့ပြည်သူလူထုအပေါ် သစ္စာရှိရှိ၊ တာဝန်သိသိဖြင့် ငြိမ်းချမ်းရေး တည်ဆောက်မှုလုပ်ငန်းစဉ်များမှာ တက်ကြွစွာပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းမှာကြား လိုကြောင်း၊
နိဂုံးချုပ်အနေဖြင့် သင်တန်းပြီးဆုံးလို့ မိမိတို့တာဝန်ကျရာဒေသတွေမှာ တာဝန် ထမ်းဆောင်ကြရတဲ့အခါ အခြားသော ပညာရေးဝန်ထမ်းတွေထမ်းဆောင်ရတဲ့ ပညာရေး တာဝန်အပြင် ဒေသဖွံ့ဖြိုးရေးနဲ့ ဒေသခံပြည်သူတွေအကြား မှန်ကန်သောခံယူချက်၊ ယုံကြည် ချက်တွေ ပြန့်ပွားလာအောင် ပြုစုပျိုးထောင်ပေးသွားရမှာ ဖြစ်ကြောင်း၊ “ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ ခိုင်မြဲရေး” တို့ဟာ နိုင်ငံတော်အေးချမ်း သာယာရေးနှင့် နိုင်ငံတော်တိုးတက်ရေးတို့အတွက် အရေးပါတာကြောင့် တိုင်းရင်းသားလူမျိုးတွေဆီမှာ မှန်ကန်သော ပြည်ထောင်စုစိတ်ဓာတ်၊ အတွေးအခေါ်ခံယူချက်တွေဖြစ်လာအောင် ကြိုးစားဆောင်ရွက် ရမည်ဖြစ်ပါကြောင်း၊ ပညာရေးဝန်ထမ်းကောင်း ဆရာ၊ ဆရာမများပီပီ အများက လေးစားရအောင် မိမိတို့ ကိုယ်ကျင့်တရားကိုထိန်းသိမ်းပြီး ဂုဏ်သိက္ခာကို တန်ဖိုးထားရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ဒို့တာဝန်အရေး(၃)ပါးကို ဦးထိပ်ပန်ဆင်ပြီး နိုင်ငံတော်၏ ကျေးဇူးသစ္စာကို အမြဲစောင့်သိ ရိုသေတဲ့ နိုင်ငံသားကောင်းများအဖြစ် ကြိုးစားသွားကြပါလို့ ပြောကြားခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ပညာထူးချွန်ဆုရ ကျောင်းသား၊ ကျောင်းသူများ အား ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်ခဲ့ပြီး အထူးဂုဏ်ပြုဆုအနေဖြင့် ရန်ကုန်ပညာရေးတက္ကသိုလ် ဂုဏ်ထူးဆောင် ပါမောက္ခ၊ ဦးသန်းဦး ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါက်တာသန်းဦးက “ပညာထူးချွန်ဆု” ရရှိသူအား ဆုများချီးမြှင့်ခဲ့သည်။ အခမ်းအနားအပြီးတွင် တက်ရောက် လာကြသော ဌာနဆိုင်ရာ အကြီးအကဲများ၊ ကျောင်းသား ကျောင်းသူများနှင့် မိဘများအား ရင်းရင်းနှီးနှီး တွေ့ဆုံ နှုတ်ဆက်ခဲ့ပြီး စုပေါင်းမှတ်တမ်း ဓာတ်ပုံရိုက်ကူး ခဲ့ကြသည်။
ဆက်လက်၍ နေ့လည်ပိုင်းတွင် (၂၂)ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနား ကို ကျင်းပရာ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် ပါမောက္ခချုပ် ဦးမြဝင်းမှ မဟာပညာရေးဘွဲ့ (၂)ဦး၊ ပညာရေးဘွဲ့(၂၂၃)ဦး၊ ဆရာအတတ်ပညာဒီပလိုမာ (၁ဝ၇) ဦးတို့ကို ဘွဲ့၊ ဒီပလိုမာလက်မှတ်များ အပ်နှင်းပေးခဲ့သည်။ ထို့နောက် သင်တန်းသား၊ သင်တန်းသူများ သွားရောက်တာဝန်ထမ်းဆောင်ရမည့် ပြည်နယ်/ တိုင်းဒေသကြီး (၁၄) ခု တို့မှ တာဝန်ရှိသူများက အလုပ်ခန့်အပ်လွှာများအား ပေးအပ်ခဲ့ကြသည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်ဇနီးတို့က သင်တန်းဆင်း သင်တန်းသား/ သူ များအား ညနေစာဖြင့် တည်ခင်းဧည့်ခံခဲ့ကြကြောင်း သတင်းရရှိသည်။