နေပြည်တော်၊ မေ ၈ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန၏ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေ ကျပ်သန်း (၁၀၇.၀၀) ဖြင့် ဆောင်ရွက်ခဲ့သော ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် လက္ကာကျေးရွာ ပေ (၆၀) လက္ကာတံတား ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် (၈) နာရီအချိန်တွင် အဆိုပါတံတား၌ ကျင်းပခဲ့ပါသည်။
အခမ်းအနားတွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြောက်ဦး ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူး ဦးတင်ဝင်းက တံတားတည်ဆောက်မှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး ဒေသခံရပ်မိရပ်ဖ ဦးမောင်ဘတင်က ကျေးဇူးတင်စကား ပြောကြားသည်။ ယင်းနောက် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်စိုး၊ မြောက်ဦးခရိုင် အုပ်ချုပ်ရေးမှူး ဦးခင်မောင်ချိုနှင့် ရခိုင်ပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူး ဦးခင်မောင်ထွဋ်တို့က တံတားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
ထို့နောက် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ်နှင့် အဖွဲ့သည်တံတားအား လိုက်လံကြည့်ရှုစစ်ဆေးကာ ဒေသခံတိုင်းရင်းသား ပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ပါသည်။
နယ်စပ်ရေးရာဝန်ကြီးဌာနက လက္ကာကျေးရွာ ပေ (၆၀) လက္ကာတံတားအား ယနေ့ဖွင့်လှစ်ပေးခဲ့ခြင်း ကြောင့် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးလုပ်ငန်းများ ပိုမိုကောင်းမွန်လာမှာ ဖြစ်သကဲ့သို့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း များစွာအထောက်အကူ ပြုနိုင်မည်ဖြစ်သဖြင့် ဒေသခံ တိုင်းရင်းသား ပြည်သူလူထုများမှ များစွာပျော်ရွှင်ဝမ်းမြောက်လျက် ရှိပါကြောင်း သတင်းရရှိသည်။