နယ်စပ်ရေးရာ၀န်ကြီးဌာန အမြဲတမ်းအတွင်း၀န် ဦးရဲနိုင်သည် ရှမ်းပြည်နယ် (တောင်ပိုင်း) နှင့် ကယားပြည်နယ်များသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေး

နေပြည်တော် ဇန်နဝါရီ ၁၉ ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးရဲနိုင်သည် (၁၁-၁-၂၀၁၇) ရက်နေ့မှ (၁၇-၁-၂၀၁၇) ရက်နေ့အထိ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်သည့် ရှမ်းပြည်နယ် (တောင်ပိုင်း) နှင့် ကယားပြည်နယ်များသို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး ခဲ့ပါသည်။
    အမြဲတမ်းအတွင်း၀န်နှင့် အဖွဲ့သည် ရှေးဦးစွာ (၁၁-၁-၂၀၁၇) ရက်နေ့တွင် တောင်ကြီး မြို့နယ်၊ ပန်းတင်-ဖက်ကွန်-လင်းလေ-ဇလဲ ကတ္တရာ (၄/၀) မိုင် ဖောက်လုပ်ခြင်းလုပ်ငန်းနှင့် ထီးဖောင်း-မြစိမ်း-သာယာကုန်း မြေသားလမ်း (၃/၀) မိုင် ဖောက်လုပ်ခြင်းလုပ်ငန်းများအား ကြည့်ရှု စစ်ဆေးခဲ့ပါသည်။
    အမြဲတမ်းအတွင်း၀န်နှင့် အဖွဲ့သည် (၁၂-၁-၂၀၁၇) ရက်နေ့နံနက်ပိုင်းတွင်  ရှမ်းပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး (တောင်ကြီး) ရှိ ၀န်ထမ်းများနှင့်တွေ့ဆုံခဲ့ပါသည်။ ဆက်လက်၍ လွိုင်လင်မြို့၊ ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး၌ ရုံးအဆောက်အဦး၊ (၂) ခန်းတွဲ ၀န်ထမ်းအိမ်ရာ တည်ဆောက်ခြင်း လုပ်ငန်းအားလည်းကောင်း၊ နမ့်စန်မြို့နယ်၊ မတ်ကျန်းဒေသ ပန်လင်းဆိုင်ကျေးရွာ (၁၂/၀) မိုင် သောက်သုံးရေသွယ်ယူခြင်း လုပ်ငန်းအားလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
    အမြဲတမ်းအတွင်း၀န်နှင့် အဖွဲ့သည် (၁၃-၁-၂၀၁၇) ရက်နေ့တွင် ရှမ်းပြည်နယ် (တောင်ပိုင်း) မိုးနဲမြို့၊ လုံစေတီ (၇) ဆူ တည်ထားသော ပြီးစီးမှုအခြေအနေအားလည်းကောင်း၊ လင်းခေးမြို့၊ ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး တည်ဆောက်ထားမှုအားလည်းကောင်း၊ မောက်မယ်မြို့နယ်၊ ကဒူးကြီး-၀မ်စလောင်း (၅/၀) မိုင် ကျောက်ခင်းခြင်းလုပ်ငန်းအားလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့ပါသည်။
    အမြဲတမ်းအတွင်း၀န်နှင့် အဖွဲ့သည် (၁၄-၁-၂၀၁၇) ရက်နေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ် (တောင်ပိုင်း) နမ့်စန်မြို့မှ ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်အတွင်းရှိ လွယ်တမူ-ဖားတီမာ ကျေးရွာချင်းဆက်မြေလမ်း (၄/၀) မိုင် ဖောက်လုပ်ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
    အမြဲတမ်းအတွင်း၀န်နှင့် အဖွဲ့သည် (၁၅-၁-၂၀၁၇) ရက်နေ့တွင် လွိုင်ကော်မြို့မှ ရှမ်းပြည်နယ် (တောင်ပိုင်း) ဖယ်ခုံမြို့နယ်၊ သိကျိတ်-လေဒူခေါင် (၄/၀) မိုင် ကျောက်ချောလမ်း ခင်းခြင်းလုပ်ငန်းနှင့် လအိ-ကာဟန့် (၄/၀) မိုင် ကျောက်လမ်းခင်းခြင်းလုပ်ငန်းတို့ ကြည့်ရှု စစ်ဆေးခဲ့ပြီး ကုမ္ပဏီတာ၀န်ရှိသူများအား လမ်းအရည်အသွေးနှင့် စံချိန်စံညွှန်း ပြည့်မှီရေးတို့အတွက် လမ်းညွှန်မှာကြားခဲ့ပါသည်။
    (၁၆-၁-၂၀၁၇) ရက်နေ့တွင် ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်တွင် ပြည်နယ်အစိုးရရန်ပုံ ငွေဖြင့် ဖောက်လုပ်လျက်ရှိသော ဖော်လော်-ထူးချောင်း (၅/၀) မိုင် မြေသားလမ်း ဖောက်လုပ်ခြင်း လုပ်ငန်းအားလည်းကောင်း၊ နန်းဖဲ-တော်ခူ-ကေကော်လမ်း ဖောက်လုပ်ခြင်းအားလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
    အမြဲတမ်းအတွင်း၀န်နှင့်အဖွဲ့သည် (၁၇-၁-၂၀၁၇) ရက်နေ့ နံနက်ပိုင်းတွင် ပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး (လွိုင်ကော်) အား ကြည့်ရှုစစ်ဆေးခဲ့ပြီး ဆက်လက်ထွက်ခွာခဲ့ရာ ရှမ်းပြည်နယ် (တောင်ပိုင်း) မြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး (ဖယ်ခုံ) မြေနေရာရရှိမှုအားလည်းကောင်း၊ ပင်းလောင်း မြို့နယ်၊ လွယ်ဖြား-နန်းပါ-ထာမော့ (၃/၀) မိုင် မြေသားလမ်း ဖောက်လုပ်ခြင်းလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် နယ်စပ်ဒေသများရှိ တိုင်းရင်းသားပြည်သူများအတွက် လမ်းတံတား၊ ရေ၊ မီး၊ အခြေခံအဆောက်အဦများ၊ ပညာရေး၊ ကျန်းမာရေး၊ ဘာသာရေးအဆောက်အဦများအား နိုင်ငံတော် အစိုးရ၏ လမ်းညွှန်မှု၊ ဝန်ကြီးဌာန၏ မူဝါဒ၊ ရည်မှန်းချက်များနှင့်အညီ အမှန်တကယ်လိုအပ်လျက် ရှိသည့် ဒေသများ၌ ဒေသခံပြည်သူလူထု၏ တင်ပြချက်များနှင့်အညီ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ပေးလျက်ရှိပါသည်။

 

Post Paragraph