နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၏ ၂၀၁၇-၂၀၁၈ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်

နေပြည်တော်၊ မေလ ၁၆ ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၏ ၂၀၁၇-၂၀၁၈  ပထမအကြိမ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးအား ယမန်နေ့နံနက် (၁၀) နာရီအချိန်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊ ဦးစီးဌာနမှ ခေတ္တညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ နှင့် ညွန်ကြားရေးမှူးများ၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန လက်အောက်ရှိ ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ပါမောက္ခချုပ်၊ ပြည်ထောင်စုတိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်၊စစ်ကိုင်း)၊ ဗဟိုလေ့ကျင့်ရေးကျောင်း (ရန်ကုန်) တို့မှ ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဦးစီးဌာနမှူးများ၊ ခရိုင်ဦးစီးမှူးများ၊ လူငယ်သင်တန်းကျောင်း (၄၄) ကျောင်း၊ စက်မှုလက်မှုသင်တန်းကျောင်း( ၇) ကျောင်း၊ အိမ်တွင်းမှုသင်တန်းကျောင်း (၄၃) ကျောင်းတို့မှ ကျောင်းအုပ်များ တက်ရောက်ခဲ့ကြ ပါသည်။
    ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် မိမိတို့ဝန်ကြီးဌာန အား မြန်မာနိုင်ငံရဲ့ ပထဝီအနေအထား၊ တိုင်းရင်းသားလူမျိုးများရဲ့ ဓလေ့ထုံးတမ်း အစဉ်အလာ များ၊ ပြည်နယ်/ပြည်မ မခွဲခြားဘဲ တစ်နိုင်ငံလုံး အကြားအလပ်မရှိ  ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နောက်ကျကျန်ရစ်ခဲ့သည့် နယ်စပ်ဒေသများ၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေး လုပ်ငန်းများအားဆောင်ရွက်နိုင်ရန်အတွက် ဖွဲ့စည်းတာဝန် ပေးအပ်ထားခြင်း ဖြစ်ပါကြောင်း၊ နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နယ်စပ်ဒေသများရှိ တိုင်းရင်းသား လူငယ်များ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် နှစ် (၃၀) နှစ်ရှည်စီမံကိန်း အပေါ် (၅) နှစ် စီမံကိန်းများ နှစ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်ပေး လျက်ရှိပါကြောင်း၊ ယခုအခါ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟိုကော်မတီအား ဖွဲ့စည်းခဲ့ပြီး နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုင်းရင်းသားများ၏ လူ့စွမ်းအား အရင်းအမြစ် တိုးတက်မြှင့်မားလာရေးအတွက် မူဝါဒများချမှတ်ကာ  ပြည်ထောင်စု အစိုးရ နှင့် တိုင်းဒေသကြီး၊ ပြည်နယ်များကို ပေါင်းစပ်ညှိနှိုင်း အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပါကြောင်း၊ နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများသည် တိုင်းရင်းသားအားလုံး မျှော်မှန်းထားတဲ့ ထာဝရငြိမ်ချမ်းရေး ရရှိရေး ဖက်ဒရယ်စနစ်နှင့်  ဒီမိုကရေစီကို အခြေခံတဲ့ ပြည်ထောင်စုမြန်မာနိုင်ငံတော် ထူထောင်ရေးအတွက်လည်း အထောက်အကူ ပြုလျက်ရှိသည့်အတွက် မိမိတို့ ဝန်ကြီးဌာနရဲ့လုပ်ငန်း တာဝန်များအပေါ် ယုံကြည်ချက်၊ ခံယူချက်မှန်မှန်ကန်ကန်ဖြင့် တာဝန်သိ၊ တာဝန်ယူ၊ တာဝန်ခံ၍ ဆောင်ရွက် သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
     ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက မိမိတို့၏ တက္ကသိုလ်၊ ဒီဂရီကောလိပ်များ၊ လူငယ်သင်တန်းကျောင်းများ၊ စက်မှုလက်မှု လူငယ်သင်တန်းကျောင်းများနှင့် အိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းများနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန၏ အထောက်အပံ့ခံ ကျောင်းများ၌ တက်ရောက်နေကြသည့် တိုင်းရင်းသား/တိုင်းရင်းသူများအား အသိပညာ၊ အတတ်ပညာများအပြင် ဒို့တာဝန်အရေး (၃) ပါးကို ဦးထိပ်ထားပြီး တိုင်းရင်းသား စည်းလုံးညီညွှတ်မှု စိတ်ဓါတ်နှင့် ပြည်ထောင်စုစိတ်ဓါတ် ရင့်သန်ခိုင်မာလာအောင် စိတ်ဓါတ်၊ စည်းကမ်း၊ ကိုယ်ကျင့်တရားများ၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေးနှင့် ပြည်တွင်း/ပြည်ပ ရေးရာကိစ္စရပ်များကို လည်း ပြည့်စုံကြွယ်ဝစွာ လေ့လာတတ်စေရန်၊ အမိန့်နာခံတတ်မှု၊   စည်းစည်းလုံးလုံး ညီညီညွှတ်ညွှတ်ဖြင့် ပေါင်းသင်းနေထိုင်မှု စသည်များကို ထည့်သွင်း လေ့ကျင့်သင်ကြားပေးရမှာ ဖြစ်ပါကြောင်း၊ နယ်စပ်ဒေသပေါင်းစုံမှ တိုင်းရင်းသား/ တိုင်းရင်းသူ များအား နိုင်ငံတော်မှ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရာနှုန်းပြည့် အထောက်အပံ့များဖြင့် စဉ်ဆက်မပြတ် ဆောင်ရွက်ပေးနေမှုများကို သိရှိနားလည်ပြီး နောင်တစ်ချိန် တွင် နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားသွန်ခွန်စိုက် ထမ်းဆောင်နိုင်မည့် နိုင်ငံသားကောင်းရတနာများဖြစ်အောင် လေ့ကျင့်သင်ကြားပေးရမည် ဖြစ်ပါကြောင်း ပြောကြား သည်။  
    ထို့နောက် ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ်မှ ဘဏ္ဍာရေးနှစ် အလိုက် ဆောင်ရွက်ပြီးစီးမှုများနှင့် ရှေ့ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းများကို ဆွေးနွေး တင်ပြပြီး တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်မှ ပါမောက္ခချုပ်၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်၊စစ်ကိုင်း)၊ ဗဟိုလေ့ကျင့်ရေး သင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး၊ လူငယ်သင်တန်းကျောင်းဌာနခွဲနှင့် အိမ်တွင်းမှုသက်မွေး လုပ်ငန်းပညာ သင်တန်းကျောင်း ဌာနခွဲများမှ ညွှန်ကြားရေးမှူးများက သက်ဆိုင်ရာ ကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြသည်။
     ဆက်လက်၍ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်က ကျောင်းအုပ်ကြီးများ၏ ၂၀၁၆-၂၀၁၇ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့မှု  တင်ပြချက်များနှင့် ပတ်သက်၍ အားသာချက်/  အားနည်း ချက်များကို သုံးသပ်အကြံပြုဆွေးနွေးခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးသုံးသပ် တင်ပြချက်များအပေါ်  လိုအပ်ချက် ရှိသည်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။