နေပြည်တော်၊ ဒီဇင်ဘာလ ၃ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် သည် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိုးမိုးအောင်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ဒီဇင်ဘာလ (၁) ရက်နေ့ ညနေပိုင်းတွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့သို့ ရောက်ရှိပြီး ဓနုဦးစီးအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ဓနုဦးစီးဥက္ကဌနှင့် အဖွဲ့ဝင်များအား တွေ့ဆုံခဲ့သည်။ ဓနုဦးစီးအဖွဲ့မှ တာဝန်ရှိသူများ၏ ဒေသဖွံ့ဖြိုးရေး ဆိုင်ရာတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့သည်။ ယင်းအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာ၌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဥက္ကဌအဖြစ်တာဝန်ယူဆောင်ရွက်သော နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည် ဖော်ဆောင်ရေး ဗဟိုကော်မတီ၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဥက္ကဌအဖြစ် တာဝန်ယူဆောင်ရွက်သော လုပ်ငန်းကော်မတီ၊ လုပ်ငန်းဆပ်ကော်မတီများ၊ ဒေသဆိုင်ရာလုပ်ငန်းကော်မတီများ အသစ်ပြန်လည် ဖွဲ့စည်းထားပြီးဖြစ်ကြောင်း၊ ယနေ့အချိန်အခါသည် ဖယ်ဒရယ်ပြည်ထောင်စု ဒီမိုကရေစီနိုင်ငံ ထူထောင်ချိန်ဖြစ်၍ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးသည် အလွန်အရေးကြီးကြောင်း၊ စည်းလုံးညီညွတ်မှ ဒေသတည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်မှာဖြစ်ကြောင်း၊ နယ်စပ်ဖွံ့ဖြိုးရေးလုပ်ငန်း များ၏ လုပ်ငန်းပမာဏတန်ဖိုးငွေ၊ ဆောင်ရွက်ပေးရမည့် လုပ်ငန်းအတိုင်းအတာ တို့ကို မိမိတို့က ပွင့်လင်းမြင်သာစွာ ချပြထားပြီးဖြစ်၍ အရည်အသွေးကောင်းမွန်စေရေး ဝိုင်းဝန်းကြပ်မတ်ဆောင်ရွက်ကြရန်၊ လူငယ်သင်တန်းကျောင်းအတွက် သင်တန်းသား ရွေးချယ်ရာတွင် ဝန်ကြီးဌာနမှ ချမှတ်ထားသော မူဝါဒများနှင့်အညီ နယ်စပ်ဒေသ တိုင်းရင်းသား ဆင်းရဲနွမ်းပါး သူများကိုဦးစားပေး စနစ်တကျရွေးချယ်ပေးကြရန်၊ မိမိတို့ နယ်စပ်ရေးရာဝန်ကြီးအနေဖြင့်လည်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဖွံ့ဖြိုးတိုးတက် ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အလေးထား ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ညှိနှိုင်းဆွေးနွေးမှာကြားခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဒီဇင်ဘာလ (၂) ရက်နေ့နံနက်ပိုင်းတွင် ပင်းတယမြို့ရှိ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းသို့ ရောက်ရှိခဲ့ရာ သင်တန်းကျောင်းအုပ်မှ သင်တန်းကျောင်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြသည်။ တင်ပြချက်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက လိုအပ် သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးပြီး၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး၊ ယုံကြည်ချက် ခံယူချက်မြင့်မားစွာဖြင့် အနာဂတ်တွင် နိုင်ငံတော်အတွက် ကျရာတာဝန် ကို ထမ်းဆောင်ကြရင်း နိုင်ငံတော်၏ ကျေးဇူးများ ပြည်လည်ပေးဆပ်ကြရေး မှာကြား၍ ကျောင်းသား/ကျောင်းသူများနှင့် ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ ပါသည်။ ဆက်လက်၍ သင်တန်းသားအိပ်ဆောင်များ၊ စားရိပ်သာ၊ စားချက်ဆောင်၊ ကျောင်းစိုက်ခင်း များကို ကြည့်ရှုစစ်ဆေးပြီး ထောပတ်ပင်များ တိုးချဲ့စိုက်ပျိုးရန်၊ ဝက်မွေးမြူရေး လုပ်ငန်းများ ဆောင်ရွက်ရန်မှာကြားခဲ့သည်။
ထို့မှတဆင့် ပြည်ထောင်စုဝန်ကြီးသည် ရွာငံမြို့နယ်သို့ ဆက်လက် ထွက်ခွာပြီး ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ခဲ့သော လမ်း/တံတား လုပ်ငန်းများ၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ခွင့်ပြုခဲ့သော သိမ်ကုန်း-ကျောက္ကူတိ-ဒလပင် (၄/၀) မိုင် ကတ္တရာခင်းခြင်းလုပ်ငန်း၊ ရေဦး-ကျောက်မြောင်း-ကဇက်လမ်း (၂/၀) မိုင် ကတ္တရာ ခင်းခြင်းလုပ်ငန်းနှင့်သိမ်ကုန်း၊ အနောက်ကုန်း၊ အင်းကြီး၊ ဒလပင်၊ ကျောက္ကူတိကျေးရွာ (၅) ရွာ လျှပ်စစ်မီး သွယ်တန်းခြင်းလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများကို စံချိန်စံညွှန်း ပြည့်မီအောင် စေတနာထား ဆောင်ရွက်ပေးရေး၊ ရေမြောင်းနှင့် လမ်းပုခုံးမျာစနစ်တကျကောင်းမွန်အောင်ဆောင်ရွက်ပေးရေး၊မိမိတို့ ဝန်ကြီးဌာအနေဖြင့် နိုင်ငံတော်ဘဏ္ဍာငွေ ခွဲဝေရရှိမှု အပေါ်မူတည်ပြီး နယ်စပ်ဒေသဖွံ့ဖြိုးရေးနှင့် လူ့စွမ်းအား အရင်းအမြစ် တိုးမြှင့်ရေး လုပ်ငန်းများကို တရားဥပဒေ လုပ်ထုံးလုပ်နည်းနှင့်အညီ စနစ်တကျ စီမံခန့်ခွဲပေးပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများ၏ ပိုင်ရှင်မှာ သက်ဆိုင်ရာမြို့နယ်မှ ဒေသခံတိုင်းရင်းသား ပြည်သူများနှင့် ပြည်သူများကို ကိုယ်စားပြုသော ဒေသဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့အစည်းများသာ ဖြစ်၍ မိမိတို့ဒေသတွင် ခွင့်ပြုထားသည့် လုပ်ငန်းများ ကောင်းမွန်အောင် ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဝိုင်းဝန်းကြပ်မတ် ဆောင်ရွက်ပေးရေး မှာကြားကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေ့လည်ပိုင်းတွင် ပင်းတယမြို့နယ်သို့ ပြန်လည်ထွက်ခွာပြီး ရွေပုထိုး-ပန်စစ်-ကြံခင်းမြောင် (၃/၀) မိုင် ကတ္တရာခင်းခြင်း လုပ်ငန်း၊ တပ်ကြီး-ကံလှကုန်း (၃/၀) မိုင် ကျောက်ခင်းခြင်း လုပ်ငန်းတို့အား ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေး ခဲ့ကြောင်း သတင်းရရှိပါသည်။