နေပြည်တော် မတ် ၇
နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် သည် မတ်လ(၅)ရက်နေ့ နံနက်ပိုင်းတွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းနှင့် တာဝန်ရှိသူများလိုက်ပါလျက် ပင်းတယမြို့နယ်၊ သရက်ကုန်း (တောင်) ရွာ စိမ့်စမ်းရေသွယ်ယူခြင်းလုပ်ငန်းကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ရေခပ်ယူသုံးစွဲနေသည့် ရွာသူ၊ ရွာသားများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့သည်။ အဆိုပါ သောက်သုံးရေသွယ်ယူခြင်းလုပ်ငန်းကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် နယ်စပ်ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ပန်းစစ်ရေထွက်မှ သရက်ကုန်း(တောင်)ရွာအထိ (၁၁/၀)မိုင် သွယ်ယူပေးခဲ့ခြင်းဖြစ်သည်။ ယခင်က မိုးရေကိုအားထားသုံးစွဲခဲ့ရပြီး ရေရှားပါးသည့် နွေရာသီ၌ (၃/၀)မိုင်ခန့်ဝေးသော ပင်းတယမြို့မှ ရေကိုထော်လာဂျီ(၁)စီး {ဂါလံ၆၀၀ခန့်} အား ကျပ်(၁၅၀၀၀)ဖြင့် ဝယ်ယူသုံးစွဲခဲ့ရကြောင်း၊ ယခုအခါ အိမ်ခြေ (၂၀၀) ရှိ ၄င်းရွာအတွင်း ရေတိုင်များ ထားရှိပေးကာ (၂၄) နာရီ အလျှံအပယ် သုံးစွဲနေရပြီဖြစ်၍ ရွာသူ၊ ရွာသားအားလုံးဝမ်းမြောက် ပျော်ရွှင်လျက်ရှိကြောင်း သိရှိရသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်၊ နယ်စပ်ဖွံ့ဖြိုးရေးရန်ပုံငွေ ခွင့်ပြုလုပ်ငန်းဖြစ်သော ပင်းတယမြို့နယ်၊ ဖောင်းပြား-မြေနီကုန်း-တောင်ချွန်း-ဝါးပြားလမ်း (၃/၀)မိုင် ကျောက်ခင်းခြင်းလုပ်ငန်းအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး လမ်းအရည်အသွေး ကြံ့ခိုင်ကောင်းမွန်မှု ရှိအောင်ဆောင်ရွက်ရန်နှင့် ကျန်ရှိသည့် လမ်းပိုင်း (၃/၀) မိုင်အား ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ရွှေပုထိုး-နောင်သခေါ-အင်လုံလမ်း (၃/၀)မိုင် ကျောက်ခင်းခြင်းလုပ်ငန်းအား သွားရောက်ကြည့်ရှု စစ်ဆေးပြီး ဒေသခံပြည်သူများအတွက် အရည်အသွေး၊ စံချိန်စံညွှန်းပြည့်မီသောလမ်းများဖြစ်စေရေး အလေးထားဆောင်ရွက်ပေးရန် မှာကြားသည်။
၄င်းနောက် ပြည်ထောင်စုဝန်ကြီးသည် ပင်းတယမြို့၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ သင်တန်းကျောင်းအုပ်မှ သင်တန်းကျောင်း ဆိုင်ရာများ ရှင်းလင်းတင်ပြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာ၌ ဒေသအကျိုးပြုလူငယ်များ ပေါ်ထွန်းလာအောင်မွေးထုတ်ပေးရန်၊ ယုံကြည်ချက် ခံယူချက်မှန်ကန် ကောင်းမွန်သော တိုင်းရင်းသားလူငယ်များဖြစ်လာစေရေး ပြုစုပျိုးထောင်ပေးရန်၊ အတန်းလိုက်သင်တန်း သားလက်ခံမှု အချိုးညီဖြစ်စေရေး မူဝါဒချမှတ်ဆောင်ရွက်သွားရန်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက် မြင့်မားရေးအတွက် တာဝန်ရှိသူအားလုံးက ကြိုးပမ်းဆောင်ရွက်ရန်၊ ကျောင်းသား/သူများအနေဖြင့် ကျောင်းစာအပြင် အခြားစာပေဗဟုသုတများကိုလည်း လေ့လာလိုက်စား၍ အချိန်ကိုအကျိုးရှိစွာ အသုံးချရန်၊ စည်းကမ်းတကျ ကြိုးစားအားထုတ်ကြရန် တိုက်တွန်းမှာကြားသည်။ ၄င်းနောက် ပြည်ထောင်စုဝန်ကြီးသည် ကျောင်းသား/သူများနှင့် ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများပေးအပ်ပြီး သင်တန်းကျောင်းဝန်းအတွင်း ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သော သင်တန်းခန်းမဆောင်နှင့် ကျောင်းအုပ်နေအိမ် တည်ဆောက်ခြင်းလုပ်ငန်း၊ မြေထိန်းနံရံဆောင်ရွက်မှု လုပ်ငန်း၊ ရေသွယ်ယူခြင်းလုပ်ငန်း၊ ကျောင်းသားအိပ်ဆောင်၊ ကျောင်းသူအိပ်ဆောင်၊ စားရိပ်သာနှင့် မီးဖိုဆောင်တို့အား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။