နေပြည်တော်၊ ဒီဇင်ဘာလ ၅ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်အား နယ်သာလန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Wouter Jurgens သည် ယနေ့ နံနက် (၁၁) နာရီ အချိန်တွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံအတွင်းရှိ နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေး၊ နယ်စပ်ဒေသအတွင်းရှိ တိုင်းရင်းသားများ၏ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများရရှိအောင် ဆောင်ရွက်ပေးနေမှုအခြေအနေများ၊ ရခိုင်ပြည်နယ် အတွင်း နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် နှစ်ဖက်လူ့အဖွဲ့အစည်းအတွင်း ရေရည်သဟဇာတ ဖြစ်စွာ အတူလက်တွဲနေထိုင်ရေးနှင့် ကူညီထောက်ပံ့ပေးနေမှု အခြေအနေများ၊ နယ်စပ်ရေးရာ ဝန်ကြီးဌာနအနေဖြင့် ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများ၊ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာ ကိစ္စရပ်များနှင့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များအား အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါ တွေ့ဆုံပွဲသို့ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။