
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန ၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေးပြည်ထောင်စုရန်ပုံငွေဖြင့် ဟိုပုံးမြို့နယ် စငေါကျေးရွာအုပ်စုနှင့် စံဖူးကျေးရွာအုပ်စုရှိ ဘန့်ပိန်း-ဟိုဟွေးကျေးရွာချင်းဆက် မြေသားလမ်း ၁ မိုင် ၄ ဖာလုံအား ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါ လမ်းဆောင်ရွက်ပေးနိုင်ခဲ့မှုကြောင့် ဒေသခံကျေးရွာ ခြောက်ရွာမှ လူဦးရေ ၄၇၄၉ ဦး တို့၏ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး အတွက် များစွာအထောက်အကူပြုမည်ဖြစ်ကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။
ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေဖြင့် မြေလမ်း ၄၉ မိုင် ၃ ဖာလုံ၊ အမာခံလမ်း ၁၃ မိုင် ၄ ဖာလုံ၊ ကျောက်လမ်း ၂၀ မိုင် ၃ ဖာလုံ၊ ကျောက်လမ်းပြင်ထိန်း လေးမိုင်၊ ကတ္တရာလမ်း လေးမိုင်၊ ကတ္တရာထပ်ပိုးလွှာလမ်း ၁၁ မိုင် ၃ ဖာလုံ၊ ကွန်ကရစ်လမ်း ၃ မိုင် ၇ ဖာလုံ၊ ကွန်ကရစ်တံတား ရှစ်စင်း၊ Box Culvert ၁၂၄ စင်း၊ ကျောက်တောင်မိုင်းခွဲခြင်းလုပ်ငန်း နှစ်ခု၊ ကျောက်စီရေမြောင်း ပေ ၁၅၀၊ မြေပြိုဖယ်ရှားခြင်း ၅ မိုင် ၆ ဖာလုံ၊ လမ်းတာချဲ့ခြင်း ၂ မိုင် ၂ ဖာလုံ၊ ပညာရေးလုပ်ငန်း နှစ်ခု၊ အဝီစိတွင်း တူးဖော်ခြင်းလုပ်ငန်း တစ်တွင်း၊ သာသနာရေးလုပ်ငန်း ရှစ်ခု၊ စိုက်ပျိုးရေရရှိရေးလုပ်ငန်း ခြောက်ခု၊ ဆိုလာ ၉၄ စုံနှင့် ဦးစီးဌာနလုပ်ငန်း ခြောက်ခုအား စုစုပေါင်း ခွင့်ပြုရန်ပုံငွေကျပ် ၁၂၆၈၂ ဒသမ ၂၁၅ ကျပ်သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။