
နေပြည်တော် ၂၀၁၆ ခုနှစ်၊ မေ ၂
နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်သည် ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဦးနှင့်အတူ ယနေ့နံနက် ၉ နာရီတွင် ဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်း (ရန်ကုန်) ၌ ကျင်းပသည့် စီမံခန့်ခွဲရေးသင်တန်း အမှတ်စဉ် (၆၄)၊ အဆင့်မြင့်စက်ချုပ် နည်းပြသင်တန်းအမှတ်စဉ် (၂၉) နှင့် စာရေးဝန်ထမ်း သင်တန်းအမှတ်စဉ် (၉၄) သင်တန်းများ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားရာတွင် နယ်စပ်ရေးရာဝန်ကြီးဌာန အနေဖြင့် နိုင်ငံတာဝန်ကို ထမ်းဆောင်နေကြသည့် ဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေးနှင့် အရည်အသွေးတိုးမြှင့်ရေးအတွက် သင်တန်းများ ပို့ချပေးလျက်ရှိပါကြောင်း၊ ယခုအစိုးရသစ်အနေဖြင့် အမျိုးသားရင်ကြားစေ့ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဖက်ဒရယ်ကိုအခြေခံသော ပြည်ထောင်စုဖြစ်ပေါ်လာရေး၊ ပြည်သူများ၏ လူနေမှုဘဝများ တိုးတက်မြင့်မားရေးအတွက် မူဝါဒများ ချမှတ်လုပ်ဆောင်လျက် ရှိပါကြောင်း ပြောကြားသည်။
ထို့နောက် ဗဟိုလေ့ကျင့်ရေးကျောင်း အစည်းအဝေးခန်း၌ ကျောင်းအုပ်ကြီး၊ ဝန်ထမ်းများ၊ သင်တန်းနည်းပြများ၊ သင်တန်းသား သင်တန်းသူများနှင့် တွေ့ဆုံကာ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပြီး ကျောင်းဝင်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) ရှိ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ရုံးသို့ သွားရောက်ကာ ဝန်ထမ်းများနှင့် တွေ့ဆုံခဲ့ပြီး သိုလှောင်ရုံများကို ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်ရှိ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်) အစည်းအဝေးခန်းမ၌ ပါမောက္ခ/ဌာနမှူးများ၊ ညွှန်ကြားရေးမှူးများနှင့်တွေ့ဆုံ၍ နယ်စပ်ရေးရာဝန်ကြီးဌာနရှိ ဖွံ့ဖြိုးရေးတက္ကသိုလ်နှင့် ဒီဂရီကောလိပ်များသည် တိုင်းရင်းသားပေါင်းစုံ စုဖွဲ့ထားပြီး တစ်အူထုံ့ဆင်း ညီအစ်ကိုများဖြစ်ကြကာ တိုင်းရင်းသားအရည်အသွေးမြှင့်တင်သည့် လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဤကျောင်းများတွင် သင်ကြားနေသည့် ဝိဇ္ဇာ၊ သိပ္ပံ၊ အင်ဂျင်နီယာဘာသာရပ်များသာမက ပြည်ထောင်စုစိတ်ဓာတ် ဘာသာရပ်သည်လည်း အလွန်အရေးကြီးကြောင်းပြောကြားသည်။
ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်) သည် ၂၀၀၁-၂၀၀၂ ပညာသင်နှစ်မှ ၂၀၁၄-၂၀၁၅ ပညာသင်နှစ်ထိ ဝိဇ္ဇာဘွဲ့ ၂၈၆ ဦး၊ သိပ္ပံဘွဲ့ ၇၁၄ ဦး၊ အင်ဂျင်နီယာဒီပလိုမာဘွဲ့ ၄၅၆ ဦး၊ စုစုပေါင်း ၁၄၅၆ ဦးအား မွေးထုတ်ပေးနိုင်ခဲ့ပြီး အဆိုပါကျောင်းဆင်းကျောင်းသားများအနက် မဟာဝိဇ္ဇာဘွဲ့ ၉၈ ဦး၊ မဟာသိပ္ပံဘွဲ ၁၉၀ ဦး၊ မဟာသုတေသနဘွဲ့ ၉၉ ဦး၊ ပါရဂူဘွဲ့ ၁၂ ဦး၊ စုစုပေါင်း ၃၉၉ ဦး အောင်မြင်စွာ မွေးထုတ်တာဝန် ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။