
နေပြည်တော်၊ ဇန်နဝါရီလ ၁၈ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်သည် မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ မစ္စရန်ဟီလီ အား ယနေ့ နေ့လည် (၁၂) နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လာရောက် တွေ့ဆုံခဲ့ပါသည်။
ထိုသို့ တွေ့ဆုံရာတွင် နိုင်ငံတော်၏ နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်းရင်းသားလူမျိုးများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ ရခိုင်ပြည်နယ် မောင်တောနယ်မြေ လက်ရှိလုံခြုံရေးအခြေအနေ၊ ပြည်နယ်ရေရှည် ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးဆိုင်ရာ ကိစ္စရပ်များ၊ ရခိုင်ပြည်နယ်အတွင်းရှိ နှစ်ဖက်လူ့အဖွဲ့အစည်း ရေရှည်သဟဇာတဖြစ်စွာ အတူလက်တွဲ၍ နေထိုင်ရေးနှင့် အပြန်အလှန်ယုံကြည်မှု တည်ဆောက်နိုင်ရေးအတွက် ဆောင်ရွက်ပေးနေမှုအခြေအနေများ၊ ရခိုင်ပြည်နယ် မောင်တောမြို့ (မြောက်ပိုင်း) ရှိနှစ်ဖက်လူ့အဖွဲ့အစည်းများ၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် တို့ရှိ စစ်ဘေးရှောင် ဒေသခံပြည်သူလူထုများသို့ နယ်စပ်ရေးရာဝန်ကြီးဌာနက လူသားချင်း စာနာထောက်ထားမှု ရိက္ခာအကူအညီများ ထောက်ပံ့ပေးနေမှုအခြေအနေများ၊ UN, NGOs, INGOs အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ နိုင်ငံတော်အစိုးရ၏ မူဝါဒများနှင့် အညီ ဒေသတွင်း ကူညီထောက်ပံ့မှုဆိုင်ရာ ဆောင်ရွက်နေမှုအခြေအနေများ၊ နိုင်ငံတော်အစိုးရ၏ ပြည်တွင်း ငြိမ်းချမ်းရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများနှင့် လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
ယင်းသို့တွေ့ဆုံရာတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပါသည်။