ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် ထိုင်းနိုင်ငံ၊ တရားရေးဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံမှုနှင့် ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးများအတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

နေပြည်တော် ဇူလိုင်လ ၂၈ ရက်နေ့
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် အား ထိုင်းနိုင်ငံ တရားရေးဝန်ကြီး H.E. Gen. Paiboon Koomchaya ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နေ့လည် (၁၅:၀၀) နာရီချိန်တွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံပါ သည်။
    ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက်ကောင်းမွန်မှု ဆိုင်ရာကိစ္စရပ်များ၊ နယ်စပ်လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ၊ နှစ်နိုင်ငံ နယ်စပ်ဒေသရှိ ပြည်သူများအတွက် ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ လုပ်ငန်းစဉ်ကို ဆက်လက်ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ၂၀၁၂ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ စီမံကိန်းရန်ပုံငွေ ဘတ်သန်း (၃၅၀) ဖြင့် ထိုင်းနိုင်ငံမှ မယ်ဖာ့လုံ ဖောင်ဒေးရှင်းနှင့် မြန်မာနိုင်ငံမှ ပြည်ထဲရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာနတို့နှင့် ပူးပေါင်း၍ တာချီလိတ်နှင့် မိုင်းဆတ်ဒေသများတွင် အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသည့် နှစ်နိုင်ငံ နယ်စပ်ဒေသများတွင် မူးယစ်ဆေးဝါး ထိန်းချုပ်နိုင်ရေးနှင့် ကျေးလက်လူမှုဘဝဖွံ့ဖြိုး တိုးတက်ရေးအတွက် အစားထိုးအသက်မွေးဝမ်းကြောင်း ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း အကောင် အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများ၊ နှစ်နိုင်ငံပူးပေါင်း၍ ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များသာမက ယဉ်ကျေးမှုဆိုင်ရာ ကိစ္စရပ်များ တွင်လည်း ပူးပေါင်းဆောင်ရွက်ရေး၊ နယ်စပ်ဒေသများတွင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ငန်း စဉ်နှင့် ဘိန်းစိုက်ပျိုးမှု စွန့်လွှတ်တောင်သူများအတွက် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းစဉ်များကို အရှိန်အဟုန်မြှင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးသာမက အဆိုပါ လုပ်ငန်းစဉ်များတွင် နိုင်ငံတကာ၏ ပူးပေါင်းဆောင် ရွက်မှု၊ ထောက်ပံ့ကူညီမှုများ ရရှိရေးဆိုင်ရာ ကိစ္စရပ်များ၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ အာဆီယံဒေသတွင်း နိုင်ငံအချင်းချင်း ပိုမိုပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များအား ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။    
    ထို့အပြင် နယ်စပ်ရေးရာ၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် သည် တာ၀န်ရှိသူများ လိုက်ပါလျက် ဧရာ၀တီတိုင်းဒေသကြီးအတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်း များအား (၂၅-၇-၂၀၁၆) ရက်နေ့မှ (၂၇-၇-၂၀၁၆) ရက်နေ့ထိ ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။
    ပြည်ထောင်စု၀န်ကြီးနှင့် အဖွဲ့သည် (၂၅-၇-၂၀၁၆) ရက်နေ့တွင် နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း (မအူပင်) သို့ သွားရောက်ခဲ့ရာ သင်တန်းကျောင်း ကျောင်းအုပ်မှ သင်တန်းကျောင်းဆိုင်ရာ အချက်အလက်များ တင်ပြခဲ့ပြီး ပြည်ထောင်စု၀န်ကြီးက ကျောင်းသား/သူများအတွက် နိုင်ငံတော်မှ ရာနှုန်းပြည့် အထောက်အပံ့များဖြင့် စဉ်ဆက်မပြတ် ဆောင်ရွက်ပေးနေမှုများကို သိရှိနားလည်ပြီး နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး၊ မိမိဒေသ ဖွံ့ဖြိုး တိုးတက်ရေးအတွက် အားသွန်ခွန်စိုက် ထမ်းဆောင်နိုင်မည့် နိုင်ငံ့သားကောင်း/သမီးကောင်း ရတနာများဖြစ်အောင် ပညာကို အားကြိုးမာန်တက် လေ့လာသင်ယူရန် မှာကြားခဲ့ပါ သည်။
    ထို့နောက် ကျောင်းသား/သူလေးများနှင့် ဆရာ/ဆရာမများအား ကျောင်းအသုံးအဆောင် ပစ္စည်းများနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပြီး ကျောင်း၀န်းအတွင်း လှည့်လည် ကြည့်ရှုစစ်ဆေးကာ စားရိပ်သာ၌ နေ့လည်စာအား ကျောင်းသား/သူများနှင့် လက်ရည်တစ်ပြင်တည်း အတူတကွ သုံးဆောင်ခဲ့ပါသည်။
    ဆက်လက်၍ ပြည်ထောင်စု၀န်ကြီးနှင့် အဖွဲ့သည် မအူပင်မြို့နယ်၌ နယ်စပ်ရေးရာ၀န်ကြီး ဌာန   ခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက်ပြီးစီးခဲ့သော အမှတ်(၃) အခြေခံ ပညာအလယ်တန်းကျောင်း ကျောင်းဆောင်သစ် ဆောက်လုပ်ပြီးစီးမှုအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ပါသည်။
    ပြည်ထောင်စု၀န်ကြီးနှင့် အဖွဲ့သည် (၂၆-၇-၂၀၁၆) ရက်နေ့တွင် ပုသိမ်မြို့နယ်ရှိ အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းသို့ သွားရောက်၍ အမှာစကား ပြောကြားခဲ့ပြီး ထောက်ပံ့ငွေများ ပေးအပ်ကာ သင်တန်းသူများ၏ လေ့ကျင့် သင်ကြားနေမှုများနှင့် ကျောင်း၀န်း အတွင်းသို့ လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။ ထို့နောက် ပုသိမ်မြို့နယ် ကမ်းနီဖျား ကျေးရွာ ကိုယ်ထူကိုယ်ထ မီးလင်းရေးလုပ်ငန်းအတွက် နယ်စပ်ရေးရာ၀န်ကြီးဌာနမှ ထည့်၀င်လှူဒါန်းငွေ သိန်း (၄၀) အား ကျေးရွာမီးလင်းရေးကော်မတီ ဥက္ကဋ္ဌထံ ပေးအပ်လှူဒါန်း ခဲ့ပါသည်။
     ထို့နောက် ပြည်ထောင်စု၀န်ကြီးနှင့် အဖွဲ့သည် ပုသိမ်မြို့မှ ဟိုင်းကြီးကျွန်းမြို့သို့ သွားရောက်၍ မော်တင်-ဇီးချိုင် လမ်းပေါ်ရှိ ဇီးချိုင်ကျေးရွာအ၀င် ချောင်းကူးသံဘောင် ကွန်ကရစ် တံတားအား နယ်စပ်ရေးရာ၀န်ကြီးဌာန ခွင့်ပြုရန်ပုံငွေဖြင့် ပြန်လည်ပြုပြင် တည်ဆောက်နေမှုအား သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပြီး တာ၀န်ခံ အင်ဂျင်နီယာများနှင့်  ဒေသခံပြည်သူများအား လိုအပ်သည်များ မှာကြားခဲ့ပါသည်။
    ပြည်ထောင်စု၀န်ကြီးနှင့် အဖွဲ့သည် (၂၇-၇-၂၀၁၆)ရက်နေ့တွင် ဟိုင်းကြီးကျွန်းမြို့နယ် ခမောက်မှော်-ကံချိုင်း-မော်တင်စွန်း ကတ္တရာလမ်း (၄) မိုင်ဖောက်လုပ်ပြီးစီးမှုနှင့် အမှတ် (၁) ရပ်ကွက်နှင့် အမှတ် (၂) ရပ်ကွက် ဆက်သွယ်ထားသည့် လမ်းပေါ်ရှိ ပျက်စီးယိုယွင်းနေသည့် တံတားအား အသစ်တည်ဆောက်နိုင်ရန်အတွက်  သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်း ရရှိပါသည်။

 

Post Paragraph