ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် ဦးဆောင်၍ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ သံတမန်များ ကုလသမဂ္ဂအဖွဲ့များမှ တာဝန်ရှိသူများ မောင်တောဒေသသို့ သွားရောက်ကြည့်ရှုလေ့လာ

အောက်တိုဘာ ၃ ရက်
    ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း ARSAအစွန်းရောက် အကြမ်းဖက် သမားများ တိုက်ခိုက်ဖျက်စီးခဲ့သည့် နေရာများသို့ သွားရောက်ကြည့်ရှုရန် နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ဆောက်လုပ်ရေးဝန်ကြီး ဌာန၊လျပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ဒုတိယဝန်ကြီးများ၊ ရန်ကုန်မြို့အခြေစိုက် နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများနှင့် သံရုံးများတာဝန်ရှိသူများ၊ UNRC၊ UNHCR၊ WFP၊ World Bank(Myanmar)၊ UNODC တို့မှတာဝန်ရှိသူများနှင့် ပြည်တွင်း/ပြည်ပ သတင်းမီဒီယာသမားများသည် ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့မှ စစ်တွေမြို့ သို့ လေကြောင်းခရီးဖြင့် ရောက်ရှိသည်။
    ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ပြည်ထောင်စု ဝန်ကြီး ဦးဝင်းခိုင်နှင့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးတို့ ဦးဆောင်ပြီး အဖွဲ့သုံးဖွဲ့ခွဲကာ စစ်တွေလေဆိပ်မှ ရသေ့တောင်မြို့နယ်ရှိ အစ္စလာမ်ဘာသာဝင်များနေထိုင်ရာ အနောက်ပြင် ကျေးရွာနှင့် ရခိုင်တိုင်းရင်းသားများ နေထိုင်ရာ ရွှေလောင်းတင်ကျေးရွာသို့ သွားရောက်ပြီး သံအမတ်ကြီးများ၊ သံတမန်များ၊UNအဖွဲ့အစည်းအကြီးအကဲများက အစ္စလာမ်ဘာသာဝင်များ၊ ရခိုင် တိုင်းရင်းသားများနှင့် တွေ့ဆုံစဉ် လတ်တလောစားဝတ်နေရေး အခက်အခဲများ၊ ပညာရေး နှင့် ကျန်းမာရေး အခြေအနေများကို လွှတ်လပ်ပွင့်လင်းစွာ မေးမြန်းကြသည်။
    ထို့နောက် ပြည်ထောင်စုဝန်ကြီးများဦးဆောင်သော သံတမန်အဖွဲ့သည် မောင်တော မြို့နယ်အတွင်းရှိ အစ္စလာမ်ဘာသာဝင်များနေထိုင်ရာ နုရုလ္လာကျေးရွာသို့ သွားရောက်ပြီး မိုရာမုန်တိုင်းကြောင့် ပျက်စီးနေသည့် အာရဗီစာသင်ကျောင်းနှင့် အဆိုပါနေရာအနီး မီးလောင် ပြင်အား သွားရောက်ကြည့်ရှုကြပြီး အုပ်ချုပ်ရေးပိုင်းမှ တာဝန်ရှိသူများအား အကြမ်းဖက်မှု ဖြစ်ပွားခဲ့သည့် အခြေအနေ၊ ကျေးရွာများ မီးလောင်ကျွမ်းခဲ့မှု အခြေအနေများကို မေးမြန်း ကြသည်။
    ယင်းနောက် ပြည်ထောင်စုဝန်ကြီးများဦးဆောင်သော သံတမန်အဖွဲ့သည် မောင်တောမြို့နယ် ပန်းတော်ပြင်ကျေးရွာသို့ သွားရောက်ပြီး အစ္စလာမ် ဘာသာဝင်များနှင့် တွေ့ဆုံပြီး အကြမ်းဖက်မှုဖြစ်ပွားခဲ့သည့် အခြေအနေများ၊ ကျေးရွာများမီးလောင်ပျက်စီးမှု အခြေအနေများ၊ လတ်တလော စားဝတ်နေရေး အခြေအနေများ၊ တဖက်နိုင်ငံသို့ ထွက်ပြေးသွား ကြသည့် အခြေအနေများကို လွတ်လပ် ပွင့်လင်းစွာ မေးမြန်းမှတ်တမ်းယူကြသည်။
    ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးများ ဦးဆောင်သော သံတမန်အဖွဲ့သည် မောင်တောမြို့ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ သွားရောက်ပြီး ARSA အစွန်း ရောက် အကြမ်းဖက်သမားများ၏ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် သေဆုံး သွားကြသည့် ရခိုင်၊ မြို၊ သက်၊ ဒိုင်းနက်နှင့် ဟိန္ဒူဘာသာဝင်များ၏ ကျန်ရစ်သူမိသားစုဝင်များနှင့် တွေ့ဆုံပြီး အသတ်ခံရသည့် အကြောင်းအရင်းကို မေးမြန်းကြသည်။
    ထို့နောက် ပြည်ထောင်စုဝန်ကြီးများဦးဆောင်သော သံတမန်အဖွဲ့သည် မောင်တော မြို့နယ်ရှိ ရခိုင်တိုင်းရင်းသားများ၊ဟိန္ဒူဘာသာဝင်များနှင့် အစ္စလာမ်ဘာ သာဝင်များ နေထိုင်သည့် ရွေဇားကျေးရွာသို့သွားရောက်တွေ့ဆုံပြီး သိရှိလိုသည်များကို လွတ်လပ်ပွင့်လင်း စွာ မေးမြန်းမှတ်တမ်းယူကြသည်။
    ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးများဦးဆောင်သော သံတမန်အဖွဲ့သည် မောင်တောမြို့နယ်အတွင်းရှိ မြိုတိုင်းရင်းသားများနေထိုင်ရာ ခုံတိုင်ကျေးရွာသို့ သွားရောက်ပြီး သံတမန်အဖွဲ့သည် မြိုတိုင်းရင်းသားများနှင့်တွေ့ဆုံစဉ် အစိုးရက စားနပ်ရိက္ခာထောက်ပံ့နေမှု အခြေအနေ၊ARSA အစွန်းရောက်အကြမ်းဖက်သမားများမှ ကျေးရွာအားမီးရှို့ဖျက်စီးခဲ့မှုနှင့် မြိုတိုင်းရင်းသားများအား သတ်ဖြတ်ခဲ့မှု အခြေအနေများကို မေးမြန်းရာ သေးဆုံးခဲ့သူများ၏ မိသားစုဝင်များနှင့် အကြမ်းဖက်သမားများ၏ လက်ချက်ကြောင့် ဒဏ်ရာပြင်းထန်စွာရခဲ့သည့် မြိုတိုင်းရင်းသားများက အခြေအနေမှန်များကို ရှင်းပြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးများ ဦးဆောင်သော သံတမန်အဖွဲ့သည် မောင်တော မြို့နယ် ခမောင်းဆိပ်ကျေးရွာသို့ သွားရောက်ပြီး အဆိုပါကျေးရွာတွင် တိမ်းရှောင်လာသည့် ရခိုင်တိုင်းရင်းသားများ၊ မြို၊ သက်၊ ဒိုင်းနက် လူမျိုးများနှင့် တွေ့ဆုံပြီး အကြမ်းဖက်မှု ဖြစ်စဉ်များ၊ ဟိန္ဒူဘာသာဝင်များ အသတ်ခံရမှု အခြေအနေများကို လွတ်လပ်ပွင့်လင်းစွာ မေးမြန်းကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးများ ဦးဆောင်သော သံတမန်အဖွဲ့သည် မောင်တော မြို့နယ် ငါးခူရကျေးရွာသို့သွားရောက်ပြီး ကျေးရွာအုပ်အုပ်ရေးမှူးရုံးတွင် ရခိုင်တိုင်းရင်းသား များ၊ အစ္စလာမ်ဘာသာဝင်များ၊ဟိန္ဒူဘာသာဝင်များနှင့် တွေ့ဆုံပြီး သိရှိလိုသည်များကို လွတ်လပ်ပွင့်လင်းစွာ မေးမြန်းကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ဦးဝင်းခိုင်၊ ဒေါက်တာမြင့်ထွေး ဦးဆောင်သောအဖွဲ့ သံအဖွဲ့သည် မောင်တောမြို့မှ စစ်တွေမြို့သို့ တပ်မတော်ရဟတ်ယာဉ်ဖြင့် ပြန်လည်ရောက်ရှိပြီး ညနေပိုင်းတွင် စစ်တွေမြို့မှ ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည် ထွက်ခွာသွားသည်။
မောင်တောမြို့ အကြမ်းဖက်မှုဖြစ်ပွားရာနေရာများ၊ မီးလောင်ပြင်နေရာများ၊ တိုင်းရင်း သားများနှင့် ဟိန္ဒူဘာသာဝင်များနေထိုင်ရာ ကျေးရွာများ၊ အစ္စလာမ် ဘာသာဝင်များ နေထိုင်ရာ ကျေးရွာများသို့ သွားရောက်ခဲ့သည့် ခရီးစဉ်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စ ုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ဒုတိယဝန်ကြီးများ၊ ရန်ကုန်မြို့အခြေစိုက် နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများနှင့် သံရုံးများတာဝန်ရှိသူများ၊ UNRC၊ UNHCR၊ WFP၊ World Bank(Myanmar)၊ UNODC တို့မှတာဝန်ရှိသူများနှင့် ပြည်တွင်း/ပြည်ပသတင်းမီဒီယာ သမားများ လိုက်ပါလာကြောင်း သိရသည်။(သတင်းအဖွဲ့)