နေပြည်တော် စက်တင်ဘာလ ၈ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင် အား အာရှနှင့်ပစိဖိတ်ဒေသဌာန ဦးဆောင်ညွှန်ကြားရေးမှူး Mr. Gunnar Wiegand သည် ယနေ့နေ့လည် (၂)နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လာရောက် တွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် နယ်စပ်ရေးရာဝန်ကြီးဌာနက မြန်မာနိုင်ငံအတွင်းရှိ နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နယ်စပ်ဒေသရှိ တိုင်းရင်းသားလူငယ်များ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်စိုက်မတ်မတ် ဆောင်ရွက်ပေး နေမှုအခြေအနေများ၊ ရခိုင်ပြည်နယ် မောင်တောဒေသ တည်ငြိမ်အေးချမ်းရေး၊ တရား ဥပဒေစိုးမိုးရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များ၊ အကြမ်းဖက်မှုဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာပြီး ကယ်ဆယ်ရေးစခန်းများသို့ ရောက်ရှိနေကြသည့် တိုင်းရင်းသားများနှင့် ဒေသအတွင်း နေထိုင်သူများ၏ လုံခြုံရေး၊ ကျန်းမာရေးနှင့် လူသားချင်းစာနာ ထောက်ထားမှု အကူအညီများ၊ နိုင်ငံတော်အစိုးရမှ ထောက်ပံ့ကူညီမှုများဆောင်ရွက်ရာတွင် အာရှနှင့် ပစိဖိတ်ဒေသဌာနမှ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်မည့်အခြေအနေများနှင့် နိုင်ငံတော်အစိုးရ၏ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ရာတွင် တိုးတက်မှုအခြေအနေ များအား အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ် နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။