ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်အား ဆွစ်ဇာလန်နိုင်ငံ သံအမတ်ကြီး လာရောက်တွေ့ဆုံ

နေပြည်တော်၊ ဇန်နဝါရီလ ၃၀ ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်အား ဆွစ်ဇာလန်နိုင်ငံသံအမတ်ကြီး H.E. Mr. Paw R.Seger သည် ယနေ့နေ့လည် (၂) နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။
    ထိုသို့ တွေ့ဆုံရာတွင် နယ်စပ်ရေးရာဝန်ကြီးဌာနမှ နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက် ရေးနှင့် နယ်စပ်ဒေသများရှိ တိုင်းရင်းသားလူမျိုးများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်နေမှုများ၊ UN, NGOs, INGOs အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းစဉ်များကို အရှိန်အဟုန်မပြတ် နိုင်ငံတော်အစိုးရ၏ မူဝါဒနှင့်အညီ ကြိုးပမ်းဆောင်ရွက်နေမှုအခြေအနေများ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ လိုအပ်ချက်များရှိနေသည့် မြန်မာပြည်သူ ပြည်သားများအပေါ် သက်ဆိုင်ရာကဏ္ဍအသီးသီးမှ ဝိုင်းဝန်းကူညီထောက်ပံ့ပေးမှု၏ အောင်မြင်ဖြစ်ထွန်းမှုများ၊ ရခိုင်ပြည်နယ် မောင်တောဒေသ၏ လက်ရှိတည်ငြိမ်အေးချမ်းနေ မှုအခြေအနေများနှင့် နှစ်ဖက်လူ့အဖွဲ့အစည်းအတွင်း ရေရှည်သဟဇာတဖြစ်စွာ အတူလက်တွဲ နေထိုင်ရေးနှင့် လူသားချင်းစာနာ ထောက်ထားမှုအကူအညီများ ထောက်ပံ့ပေးနေမှုအခြေ အနေများနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ပေးနေမှုများ၊ ကချင်ပြည်နယ် နှင့် ရှမ်းပြည်နယ်များရှိ IDPs များနှင့်ပတ်သက်၍ လူသားချင်းစာနာထောက်ထားမှု  အကူအညီပေးရေးဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံတော်အစိုးရက လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းစေရေးအတွက် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်နိုင် ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုများ၊  နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် ဆွစ်ဇာလန်နိုင်ငံ ခြားရေးဝန်ကြီးဌာန၏ ပူးပေါင်းဆောင်ရွက်ရေးနှင့် လူသားချင်းစာနာမှု အကူအညီပေးရေး ဆိုင်ရာ အဖွဲ့အစည်းဖြစ်သည့် ဆွစ်ဖွံ့ဖြိုးရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SDC) တို့အကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့၌ အမေရိကန်ဒေါ်လာ (၅.၅) သန်းဖြင့် ပညာရေး၊ ကျန်းမာရေး၊ အခြေခံအဆောက်အအုံ လုပ်ငန်းနှင့် စွမ်းဆောင်ရည်မြှင့်တင်ခြင်း လုပ်ငန်းများ၏ အောင်မြင်ဖြစ်ထွန်းမှုများနှင့် ရှေ့ဆက်လက်ပိုမို ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ  ကိစ္စရပ်များအား အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။