ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်အား ကုလသမဂ္ဂနိုင်ငံရေးရာဌာန လက်ထောက်အတွင်းရေးမှူးချုပ်နှင့် တူရကီနိုင်ငံသံအမတ်ကြီးတို့ သီးခြားစီ လာရောက်တွေ့ဆုံ

နေပြည်တော်၊  ဒီဇင်ဘာလ  ၉ ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်အား ကုလသမဂ္ဂ နိုင်ငံရေးရာဌာနမှ လက်ထောက်အတွင်းရေးမှူးချုပ် Mr. Miroslaw Jenca  သည် ယနေ့နေ့လည် (၁) နာရီ အချိန်တွင်လည်းကောင်း၊ တူရကီနိုင်ငံသံအမတ်ကြီး                 H.E. Mr. Kerem Divanlioglu  သည် နံနက် (၁၁) နာရီအချိန်တွင်လည်းကောင်း ပြည်ထောင်စုဝန်ကြီး၏ဧည့်ခန်းမ၌ သီးခြားစီ လာရောက်တွေ့ဆုံခဲ့ပါသည်။
    ထိုသို့တွေ့ဆုံရာတွင် ရခိုင်ပြည်နယ် မောင်တောနယ်မြေ လက်ရှိလုံခြုံရေးအခြေအနေ၊ ပြည်နယ်ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးဆိုင်ရာ ကိစ္စရပ်များ၊ ဒုက္ခသည်များ ပြန်လည်နေရာချထားပေးမှုနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့ကူညီမှုများ ပေးအပ်ရာတွင် လိုအပ်သည်များအား ကူညီဆောင်ရွက်ပေးနေမှု အခြေအနေများ၊ ရခိုင် ပြည်နယ်အတွင်းရှိ နှစ်ဖက်လူမှုအသိုက်အဝန်း ရေရှည်သဟဇာတဖြစ်စွာ အတူလက်တွဲ နေထိုင်ရေးနှင့် အပြန်အလှန် ယုံကြည်မှုတည်ဆောက်နိုင်ရေးအတွက် ဆောင်ရွက်ပေးနေမှု အခြေအနေများ၊ UN၊ NGOs၊ INGOs အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ နိုင်ငံတော်အစိုးရ၏ မူဝါဒနှင့်အညီ ဒေသအတွင်း ကူညီထောက်ပံ့မှုဆိုင်ရာ ဆောင်ရွက်နေမှု အခြေအနေများ၊ နိုင်ငံတော်အစိုးရမှ ပြည်တွင်းငြိမ်းချမ်းရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှု အခြေအနေများ၊ ဒေသအတွင်း လုံခြုံရေး၊ လွတ်လပ်မှု၊  လူ့အခွင့်အရေးမျှတအောင် ဆောင်ရွက်ပေးနေမှုများ၊  နယ်စပ်ရေးရာ ဝန်ကြီးဌာနမှ နယ်စပ်ဒေသများဖွံ့ဖြိုးတိုးတက်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စဉ်ဆက်မပြတ် ဆောင်ရွက်ပေးနေမှု အခြေအနေများ၊ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်ဆက်ဆံရေးရုံး (BLO) ဖွင့်လှစ်ရေး သဘောတူညီ ပူးပေါင်း ဆောင်ရွက်နေမှု အခြေအနေများ၊  နယ်စပ်ဒေသများရှိ IDPs များအား ကူညီထောက်ပံ့ပေးနေမှု အခြေအနေများနှင့် နှစ်နိုင်ငံပိုမိုပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များအား အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ကြသည်။
    အဆိုပါ တွေ့ဆုံပွဲသို့ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။