ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်အား ဥရောပသမဂ္ဂမှ Commissioner for Humanitarian Aid and Crisis Management ဖြစ်သူ H.E. Mr. Christos Stylianides နှင့်အဖွဲ့ လာရောက်တွေ့ဆုံ

နေပြည်တော်၊ မေလ ၁၂ ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်အား ဥရောပသမဂ္ဂမှ Commissioner for Humanitarian Aid and Crisis Management ဖြစ်သူ H.E. Mr. Christos Stylianides နှင့်အဖွဲ့သည် ယနေ့နံနက် (၁၀) နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။
    ထိုသို့တွေ့ဆုံရာတွင် နယ်စပ်ရေးရာဝန်ကြီးဌာနက နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက် ရေးနှင့် နယ်စပ်ဒေသများရှိ တိုင်းရင်းသားလူမျိုးများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေးအတွက် အရှိန်အဟုန်ဖြင့် ဆောင်ရွက်ပေးနေမှုများ၊ နိုင်ငံတော်အစိုးရက ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေး ဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များ၊ UN, NGOs, INGOs အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ နိုင်ငံအတွင်းရှိ နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် တိုးတက်ရေးအတွက် ဘက်စုံ၊ ကဏ္ဍစုံမှ စဉ်ဆက်မပြတ် ဆောင်ရွက်နေမှု၏ အောင်မြင် ဖြစ်ထွန်းမှုများ၊ ရခိုင်ပြည်နယ်အတွင်းရှိ နှစ်ဖက်လူ့အဖွဲ့အစည်း ရေရှည်သဟဇာတဖြစ်စွာ အတူလက်တွဲ နေထိုင်နိုင်ရေးအတွက် ဆောင်ရွက်ပေးနေမှုများ၊ ဒေသအတွင်း စီးပွားရေး၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို ပိုမိုတိုးတက် ကောင်းမွန်အောင် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ညှိနှိုင်းပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက် ပေးနေမှု အခြေအနေများ၊ ဒေါက်တာကိုဖီအာနန် ဦးဆောင်သော ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့၏ ကြားဖြတ်အစီရင်ခံစာပါ အချက်များကို စတင်အကောင်အထည် ဖော်ဆောင်ရွက်ပေးနေမှုနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် အစီအမံများ၊ မြန်မာနိုင်ငံအတွင်း အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လူသားချင်းစာနာထောက်ထားမှု အကူအညီ ပေးရေးဆိုင်ရာကိစ္စရပ်များ၊ ဘသာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေး လုပ်ငန်းစဉ်များတွင် ဥရောပသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများအား အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။