နေပြည်တော် မတ် ၅
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် နိပွန်ဖောင်ဒေးရှင်း (အာရှ - ဂျပန်ပေါင်းကူးအဖွဲ့ BAJ ) တို့ ပူးပေါင်းဆောင်ရွက်သည့် ရခိုင်ပြည်နယ်အတွင်း စာသင်ကျောင်းဆောင် (၁၀၀) ပြီးစီးခြင်းအထိမ်းအမှတ် အခမ်းအနားအား (၅-၃-၂၀၁၈) ရက်နေ့တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ကြွီတဲအခြေခံပညာ အလယ်တန်းကျောင်းခွဲ၌ ကျင်းပပြုလုပ်ရာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ကာကွယ်ရေး၀န်ကြီးဌာန ဒုတိယ၀န်ကြီး၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာ၀န်ကြီး၊ အခြေခံပညာဦးစီးဌာနမှ ဒုတိညွှန်ကြားရေးမှူးချုပ်နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ ဂျပန်နိုင်ငံ သံအမတ်ကြီးနှင့် တာဝန်ရှိသူများ၊ ဂျပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်းဥက္ကဌနှင့် တာဝန်ရှိသူများ၊ အာရှ-ဂျပန်ပေါင်းကူးအဖွဲ့ (BAJ) ဥက္ကဌနှင့်တာဝန်ရှိသူများ၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာအစိုးရ မဟုတ်သောအဖွဲ့အစည်းများမှ ဖိတ်ကြားထားသူများ၊ ဒေသခံတိုင်းရင်းသား/သူများနှင့် ရပ်မိရပ်ဖ များ တက်ရောက်ကြသည်။
အခမ်းအနားတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုမှ စာသင်ကျောင်းဆောင် (၁၀၀) ဆောက်လုပ်ပြီးစီးခြင်း အခမ်းအနားအဖွင့် အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်မှ အမှာစကားပြောကြားပြီးနောက် ဂျပန်နိုင်ငံနိပွန်ဖောင်ဒေးရှင်း ဥက္ကဌ Mr. Yohei SASAKAWA မှ ရခိုင်ပြည်နယ်အတွင်း စာသင်ကျောင်းဆောက်လုပ်ခြင်း စီမံကိန်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပါသည်။ ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ကြီး H.E. Mr. Tateshi HIGUCHI မှ အမှာစကားပြောကြားကာ အာရှ-ဂျပန်ပေါင်းကူးအဖွဲ့ (BAJ) ဥက္ကဌ Ms. Etsuko Araishi မှ ရခိုင်ပြည်နယ်အတွင်း စာသင်ကျောင်းဆောင် (၁၀၀) ဆောက်လုပ်ပြီးစီးခြင်းနှင့် ရှေ့ဆက်လက် ဆောင်ရွက်မည့် စာသင်ကျောင်းဆောင် ဆောက်လုပ်ရေးစီမံကိန်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပါသည်။ ၎င်းနောက် ရခိုင်ပြည်နယ် အခြေခံပညာဦးစီးဌာန၊ ပြည်နယ်ဒုတိယညွှန်ကြားရေးမှူး (စီမံ) ဦးစိန်ထွန်းလှနှင့် ကြွီတဲကျေးရွာကိုယ်စားလှယ်တို့မှ စာသင်ကျောင်းဆောင် (၁၀၀) ဆောက်လုပ် ပြီးစီးမှုအတွက် ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
ဆက်လက်၍ အာရှ-ဂျပန်ပေါင်းကူးအဖွဲ့ ဌာနေကိုယ်စားလှယ် Ms. Akiko MORI မှ စာသင်ကျောင်း (၁၀၀) ပြီးစီးခြင်း အမှတ်တရအလံများအား အခမ်းအနားသို့ တက်ရောက်လာကြ သည့် ပြည်နယ်ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ကြီးနှင့် နိပွန်ဖောင်ဒေးရှင်းဥက္ကဌတို့ထံ အသီးသီးပေးအပ်ခဲ့ပြီး ရခိုင်ရိုးရာယဉ်ကျေးမှုအကဖြင့် ဖျော်ဖြေပြီးနောက် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကာ ဧည့်သည်တော်များအနေဖြင့် စာသင်ကျောင်းဆောင်သစ်အတွင်း လှည့်လည်ကြည့်ရှု့ခဲ့ကြသည်။
ရခိုင်ပြည်နယ်အတွင်း စာသင်ကျောင်း (၁၀၀) ဆောက်လုပ်ခြင်း စီမံကိန်းသည် နိပွန်ဖောင်ဒေးရှင်း၏ လှူဒါန်းထည့်ဝင်ငွေ အမေရိကန်ဒေါ်လာ (၆) သန်းဖြင့် ၂၀၁၃ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ စာသင်ကျောင်း (၁၀၀) ဆောက်လုပ်ခြင်းအား နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် အာရှ-ဂျပန်ပေါင်းကူးအဖွဲ့ (Bridge Asia Japan – BAJ) မှ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
ရခိုင်ပြည်နယ်အတွင်း အဆိုပါစီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းကြောင့် စာသင်ကျောင်းဆောင်သစ်များ တိုးပွားလာခြင်း၊ ဒေသခံများမှာလည်း ကျောင်းတည်ဆောက်ရေး လုပ်ငန်းများတွင် လက်တွေ့သင်ကြားပေးခြင်းဖြင့် ဒေသခံများအတွက် အသက်မွေးဝမ်းကျောင်း ပညာရပ်များရရှိစေခြင်း၊ ဒေသခံတိုင်းရင်းသားလူငယ်များ၏ ပညာရေးတိုးတက် မြင့်မားလာစေရန် အထောက်အကူပြုခြင်း၊ စာသင်ကျောင်းများအနေဖြင့် ဒေသနှင့်ကိုက်ညီသည့် အဆောက်အဦများ ဖြစ်သည့် အားလျော်စွာ သဘာဝဘေးဒဏ်နှင့် သဘာဝဘေးအန္တရာယ် ကာကွယ်ရေးအတွက် အသုံး၀င်ခြင်းစသည့်အကျိုးကျေးဇူးများစွာဖြစ်ထွန်းစေမည်ဖြစ်ကြောင်းသတင်းရရှိသည်။