သထုံ နိုဝင်ဘာ ၁၁
မွန်ပြည်နယ် သထုံမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီး ဌာနနှင့် ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်း ကျောင်းတို့ပူးပေါင်း၍ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်ပညာပေးဟောခြင်းကို ယနေ့နံနက် ၁၀ နာရီက နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း (သထုံ) ၌ ကျင်းပသည်။
ဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှဌေးက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ယဉ်ကျေးသိမ်မွေ့သော လူငယ်များဖြစ်လာစေ ရေး၊ နိုင်ငံနှင့်လူမျိုးကိုချစ်မြတ်နိုးတတ်စေရေး၊ စာဖတ်ခြင်းဖြင့် အသိပညာမြင့်မားပြီး ဗလငါးတန်း ဖွံ့ဖြိုးကာ လူငယ်တို့အနာဂတ်ဘဝ ပိုမိုမြင့်မားလာရေး၊အကျင့်စာရိတ္တကောင်းမွန်ပြီး လူ့ပတ်ဝန်းကျင် နှင့် လိုက်လျောညီထွေနေတတ်သည့် လူငယ်များဖြစ်လာစေရေးစသည့် လူငယ်များဘက်စုံဖွံ့ဖြိုးရေးဆိုင်ရာ များကို ဆွေးနွေးဟောပြောသည်။
ယင်းနောက် မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်ခင်စိုးလှိုင်က လတ်တလောအဖြစ်များနေသည့် မျက်စိနာရောဂါဖြစ်ပွားရခြင်း၏အကြောင်းများ ကူးစက်ပုံများနှင့် ကြိုတင်ကာကွယ်ရသည့်အချက်များ မျက်စိနာခြင်းအမျိုးမျိုး၊ မျက်စိရောဂါများနှင့် သတိပြုရမည့်ပြုမူ နေထိုင်နည်းများကို ဆွေးနွေးဟောပြောရာကျောင်းသား၊ကျောင်းသူများက သိလိုသည်တို့ကို ဆွေးနွေး မေးမြန်းကြပြီး အသိပညာပေးဟောပြောသူက ပြန်လည်ရှင်းလင်းပေးသည်။
အဆိုပါအခမ်းအနားသို့ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းဆွေ၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဦးအောင်ကျော်နှင့် ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကသိမှတ်ဖွယ်ရာ နံရံကပ်စာစောင် များကို ခင်းကျင်းပြသထားရာ တက်ရောက်လာကြသူများက စိတ်ပါဝင်စားစွာ ကြည့်ရှု့လေ့လာ မှတ်သားကြကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)